သံယုတ္တနိကာယ်—၃၈

၁၁—သြဃပဥှာသုတ်

၃၂၄။ ငါ့သျှင် သာရိပုတြာ “သြဃ သြဃ”ဟု ဆိုအပ်၏၊ ငါ့သျှင် သြဃဟူသည် အဘယ်ပါနည်းဟုမေး၏။ ငါ့သျှင် သြဃတို့သည် ဤလေးပါးတို့တည်း။ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃတို့တည်း။ ငါ့သျှင် ဤလေးပါးတို့သည် သြဃတို့တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤသြဃတို့ကို ပယ်ခြင်းငှါလမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤသြဃတို့ကို ပယ်ခြင်းငှါလမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤသြဃတို့ကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။

ငါ့သျှင် သြဃတို့ကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤသြဃတို့ကို ပယ်ခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤသြဃတို့ကို ပယ်ခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

ဧကာဒသမသုတ်။