သံယုတ္တနိကာယ်—၃၈

၄—ကိမတ္ထိယသုတ်

၃၁၇။ ငါ့သျှင် သာရိပုတြာ အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ အကျင့်မြတ်ကို ကျင့်သုံးပါသနည်းဟုမေး၏။ ငါ့သျှင် ဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းအကျိုးငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟုမိန့်ဆို၏။

ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟုမေး၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တည်း။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါ လမ်းကား ဤသည်ပင်တည်း၊ အကျင့်ကား ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိခြင်းငှါလမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု (ပြောဆို၏)။

စတုတ္ထသုတ်။