သံယုတ္တနိကာယ်—၃၈

၉—အဝိဇ္ဇာပဥှာသုတ်

၃၂၂။ ငါ့သျှင် သာရိပုတြာ “အဝိဇ္ဇာ အဝိဇ္ဇာ”ဟု ဆိုအပ်၏၊ ငါ့သျှင် အဝိဇ္ဇာဟူသည် အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ဆင်းရဲ ‘ဒုက္ခ’ ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ၌ မသိမှု၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်၌ မသိမှုကို ‘အဝိဇ္ဇာ’ဟု ဆိုအပ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။ ငါ့သျှင် ဤအဝိဇ္ဇာကိုပယ်ခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟု မေး၏။ ငါ့သျှင် အဝိဇ္ဇာကို ပယ်ခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း’သမ္မာသမာဓိ’တို့တည်း။ ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤအဝိဇ္ဇာကို ပယ်ခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည်ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

နဝမသုတ်။