သံယုတ္တနိကာယ်—၄ဝ

၂—ဒုတိယ ဈာနပဥှာသုတ်

၃၃၃။ “ဒုတိယဈာန် ဒုတိယဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် ဒုတိယဈာန်နည်းဟု စိတ်အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏— “ ဤသာသနာတော်၌ ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေသော တည်ကြည်ခြင်း’သမာဓိ’ကို ပွါးစေတတ်သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကိုဒုတိယဈာန်ဟု ဆိုအပ်၏ “ဟု အကြံ ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့်မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေသော တည်ကြည်ခြင်း ‘သမာဓိ’ကို ပွါးစေတတ်သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ် ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွသော အမှတ် ‘သညာ’နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် ဒုတိယဈာန်ကို မမေ့လျော့လင့်၊ ဒုတိယဈာန်၌ စိတ်ကို ကောင်းစွာတည်စေလော့၊ ဒုတိယဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ ဒုတိယဈာန်၌ စိတ်ကို ကောင်းစွာထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ဝိတက်ဝိစာရကင်းခြင်းကြောင့် မိမိ သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သောတည်ကြည်ခြင်း ‘သမာဓိ’ကို ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ခြင်း ‘ဝိစာရ’မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသောဒုတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ငါ့သျှင်တို့ “မြတ်စွာဘုရား ချီး မြှောက်အပ်သော ထူးမြတ်သောအသိဉာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့် “ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်။