သံယုတ္တနိကာယ်—၄ဝ
၁—ပဌမ ဈာနပဥှာသုတ်
၃၃၂။ အခါတစ်ပါး၌ အသျှင်မဟာမောဂ္ဂလာန်သည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ရဟန်း တို့ကို”ငါ့သျှင် ရဟန်းတို့”ဟု မိန့်တော်မူ၏၊ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန် အားပြန်ကြား လျှောက်ထားကြကုန်၏၊ အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်တော်မူ၏—ိံငါ့သျှင်တို့ ငါသည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်လျက် တစ်ပါးတည်း ကိန်းအောင်းစဉ် “ပဌမ ဈာန်ပဌမဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် ပဌမဈာန်နည်းဟု စိတ်အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏— “ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍ သာလျှင် အကုသိုတ်တရားတို့မှ ဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွ ဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို ပဌမဈာန်ဟု ဆိုအပ်၏ “ဟု အကြံ ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် ကာမတို့မှ ဆိတ်၍ သာလျှင်အကုသိုလ်တရားတို့မှ ဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွ ဖြစ်သောနီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု’ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား ကာမနှင့် တကွဖြစ်သော အမှတ် ‘သညာ’ နှလုံးသွင်း’မနသိကာရ’တို့သည် ဖြစ်ကုန်၏။
ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် ပဌမဈာန်ကို မမေ့လျော့လင့်၊ ပဌမဈာန်၌ စိတ်ကို ကောင်းစွာ တည်စေလော့၊ ပဌမဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ ပဌမဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါသည် အခါတစ်ပါး၌ ကာမတို့မှ ဆိတ်၍ သာလျှင် အကုသိုလ့်တရားတို့မှ ဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွ ဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု’သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ငါ့သျှင်တို့ “မြတ်စွာဘုရား ချီးမြှောက်အပ်သော ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုသော်ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။
ပဌမသုတ်။