သံယုတ္တနိကာယ်—၄၂
၁၃—ပါဋလိယသုတ်
၃၆၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယမြို့ ဥတ္တရမည်သော ကောလိယမင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပါဋလိယရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား ရဟန်းဂေါတမသည် လှည့်ပတ်မှု ‘ မာယာ ‘ ကိုသိ၏ဟူသော ဤစကားကို အကျွန်ုပ် ကြားရဖူးပါ၏၊ အသျှင်ဘုရား ရဟန်းဂေါတမသည် လှည့်ပတ်မှု’ မာယာ ‘ ကို သိ၏ဟု ဤသို့ ဆိုကြသူတို့သည် မြတ်စွာဘုရား၏ စကားတော်အတိုင်း ဆိုသည် မည်ကြပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန် စွပ်စွဲရာ မရောက်ပါသလော၊ တရားတော်အား လျော်သောတရားကိုလည်း ပြောဆိုသည် မည်ကြပါ၏လော၊ မြတ်စွာဘုရား၏ ဝါဒသို့ အတုလိုက်၍ ဆိုခြင်းသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲလည်း ရှိပါ၏လော၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို မစွပ်စွဲလိုပါကုန်”ဟု လျှောက်၏။
ရွာသူကြီး “ရဟန်းဂေါတမသည် လှည့်ပတ်မှု’မာယာ’ကို သိ၏ “ဟု ဆိုကြသူတို့သည် ငါ၏ စကားအတိုင်းလည်း ဆိုသည် မည်ကုန်၏၊ ငါ့ကို မဟုတ်မမှန်လည်း စွပ်စွဲသည် မမည်ကုန်၊ တရားတော်အားလျော်သော တရားကိုလည်း ဆိုသည် မည်ကုန်၏၊ မြတ်စွာဘုရား၏ ဝါဒသို့ အတုလိုက်၍ ဆိုခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှလည်း မရောက်။ အချင်းတို့”ရဟန်းဂေါတမသည် လှည့်ပတ်မှု’မာယာ’ကို သိ၏ “ဟု ဆိုသော ထိုသမဏဗြာဟ္မဏတို့၏ မှန်ကန်သောစကားကို ငါတို့ မယုံမိကုန်၊ အချင်းတို့ “စင်စစ်သော်ကား ရဟန်းဂေါတမသည့်လှည့်ပတ်တတ်သူတည်း”။ ရွာသူကြီး “လှည့်ပတ်မှု’မာယာ’ကို ငါ သိ၏ “ဟု ပြောဆိုကာမျှဖြင့် “ငါကားလှည့်ပတ်တတ်သူ”ဟု ဆိုသည် မည်ရာ သလော။ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားထိုစကားသည် ထိုအတိုင်း ဖြစ်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူသော မြတ်စွာဘုရားထိုစကားသည် ထိုအတိုင်း ဖြစ်ပါ၏။ ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင်လျှင် ပြန်၍ မေးအံ့၊ သင် နှစ်သက်သည့်အတိုင်း ဖြေဆိုလော့။
ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကို သိ၏လော။ အသျှင်ဘုရား အကျွန်ုပ်သည် လမ္ဗစူဠကမည်သောအမှုထမ်း တို့ကို သိပါ၏။ ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ကောလိယမင်းတို့၏ လမ္ဗစူဠက မည်သော အမှုထမ်းတို့သည် အဘယ်အကျိုးရှိကုန်သနည်း။ အသျှင်ဘုရား လမ္ဗစူဠကမည်သော အမှုထမ်း တို့သည် ကောလိယမင်းတို့အတွက် ခိုးသူတို့ကိုတားမြစ်ရန် ကောလိယမင်းတို့အတွက် တမန်အမှုတို့ကို ဆောင်ရွက်ရန် အကျိုးရှိပါကုန်၏။ ရွာသူကြီးထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သောအမှုထမ်းတို့ကို သီလရှိသူတို့ဟူ၍လည်းကောင်း၊ သီလ မရှိသူ တို့ဟူ၍လည်းကောင်း သိ၏လော။ အသျှင်ဘုရား ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့သည် လောက၌ သီလမရှိယုတ်ညံ့သော သဘောရှိသူတို့တွင် အပါအဝင် ဖြစ်သည်ဟု သိပါ၏။ ရွာသူကြီး “ပါဋလိယရွာသူကြီးသည်ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကို သီလမရှိသူ၊ ယုတ်ညံ့ သော အကျင့်ရှိသူတို့ဟုသိ၏၊ ပါဋလိယရွာသူကြီးသည်လည်း သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိသူတည်း”ဟု ဤသို့တစ်ဦးတစ်ယောက်က ဆိုပါလျှင် ကောင်းစွာ ဆိုသည် မည်ရာသလော။ အသျှင်ဘုရား မဖြစ် နိုင်ပါ။ ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကား တခြား, အကျွန်ုပ်ကား တခြားဖြစ် ပါ၏၊ ကောလိယမင်းတို့၏ လမ္ဗစူဠကမည်သော အမှုထမ်းတို့ကား သဘောတစ်မျိုး ရှိပါကုန်၏၊ အကျွန်ုပ် ကားသဘောတစ်မျိုး ရှိပါ၏။ ရွာသူကြီး “ပါဋလိယရွာသူကြီးသည် ကောလိယမင်းတို့၏ လမ္ဗစူဠကမည် သောအမှုထမ်းတို့ကို သီလမရှိသူ၊ ယုတ်ညံ့သော အကျင့်ရှိသူတို့ဟူ၍ သိ၏၊ ပါဋလိယရွာသူကြီးသည် ကားသီလမရှိသူ ယုတ်ညံ့သော အကျင့်ရှိသူ မဟုတ်”ဟူသော ဤအဖြစ်မျိုးကို သင်သော်မှ ရနိုင်လျှင်”မြတ်စွာဘုရားသည် လှည့်ပတ်မှု ‘မာယာ’ ကိုကား သိ၏၊ မြတ်စွာဘုရားသည် လှည့်ပတ်တတ်သူကား မဟုတ်”ဟု အဘယ့်ကြောင့် မြတ်စွာဘုရားသည် မရနိုင်အံ့နည်း။ ရွာသူကြီး ငါသည်လှည့်ပတ်မှု ‘မာယာ’ ကိုလည်း သိ၏၊ လှည့်ပတ်မှု ‘မာယာ’၏ အကျိုးကိုလည်း သိ၏၊ လှည့်ပတ်သောအကျင့်ကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာမကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။
ရွာသူကြီး ငါသည် အသက်သတ်ခြင်းကိုလည်းကောင်း၊ အသက်သတ်ခြင်း၏ အကျိုးကိုလည်းကောင်းသိ၏။ အသက်သတ်မှုကို ကျင့်သော သူသည်လည်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်းသိ၏။ ရွာသူ ကြီး ငါသည် မပေးသည်ကို ခိုးယူခြင်းကိုလည်းကောင်း၊ မပေးသည်ကို ခိုးယူခြင်း၏အကျိုးကိုလည်း ကောင်း သိ၏။ မပေးသည်ကို ခိုးယူမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက် ၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကိုလည်းကောင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၏ အကျိုးကိုလည်းကောင်း သိ၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်သောသူသည် ခန္ဓာကိုယ်ပျက် စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။
ရွာသူကြီး ငါသည် မမှန်ပြောခြင်းကိုလည်း သိ၏၊ မမှန်ပြောခြင်း၏ အကျိုးကိုလည်း သိ၏၊ မမှန်ပြောမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည်ကုန်းစကားကိုလည်း သိ၏၊ ကုန်းစကား၏ အကျိုးကိုလည်း သိ၏၊ ကုန်းစကား ပြောမှုကို ကျင့်သောသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ကြမ်းတမ်းသော စကားကိုလည်း သိ၏၊ ကြမ်းတမ်းသော စကား၏ အကျိုးကိုလည်း သိ၏၊ ကြမ်းတမ်းသော စကားပြောမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ပြိန်ဖျင်းသော စကားကိုလည်း သိ၏၊ ပြိန်ဖျင်းသော စကား၏ အကျိုးကိုလည်း သိ၏၊ ပြိန်ဖျင်းသော စကားပြောမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရပုံကိုလည်း သိ၏။
ရွာသူကြီး ငါသည် သူ့စည်းစိမ်ကို ရှေးရှုကြံမှုကိုလည်း သိ၏၊ သူ့စည်းစိမ်ကို ရှေးရှုကြံမှု၏အကျိုးကိုလည်း သိ၏၊ သူ့စည်းစိမ်ကို ရှေးရှုကြံမှုကို ကျင့်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ရောက် ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် ဖျက်ဆီးလိုသော အမျက်ဒေါသကိုလည်း သိ၏၊ ဖျက်ဆီးလိုသော အမျက်ဒေါသ၏ အကျိုးကိုလည်း သိ၏၊ ဖျက်ဆီးလိုသော အမျက်ဒေါသရှိသော သူသည်ခန္ဓာကိုယ်ပျက်စီး ၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော သူတို့၏ လားရာပျက်စီးကျရောက်ရာ ငရဲ သို့ ရောက်ရပုံကိုလည်း သိ၏။ ရွာသူကြီး ငါသည် မှားသော အယူကိုလည်းသိ၏၊ မှားသော အယူ၏ အကျိုးကိုလည်း သိ၏၊ မှားသော အယူရှိသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသော သူတို့၏ လားရာ ပျက်စီးကျရောက်ရာငရဲသို့ ရောက်ရပုံကိုလည်း သိ၏။
ရွာသူကြီး “အသက်သတ်သူအားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစား ရ၏၊ မပေးသည်ကို ခိုးယူသူအားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်သောသူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုခံစားရ၏၊ မမှန်ပြောသူ အားလုံးသည် မျက်မှောက်ုဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏ “ဟု ဤသို့ ဝါဒရှိကုန်သော ဤသို့ အယူရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။
ရွာသူကြီး သို့သော်လည်း ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်ပြီးလျှင် ကောင်းစွာ ရေမိုးချိုးကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့မွေ့ လျော် ပျော်ပါးနေသူ အချို့ကို တွေ့မြင်ရ၏။ “အချင်းတို့ ပန်းပန်ကာ နားတောင်းဆင်ပြီးလျှင်ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် မိန်းမတို့နှင့် တကွကာမဂုဏ်တို့ဖြင့် မင်း ကဲ့သို့ မွေ့လျော် ပျော်ပါးနေဘိ၏၊ ဤယောကျာ်းကား အဘယ်ကိုပြုခဲ့သနည်း”ဟု ထိုသူ့ကို ပြောဆို မေးမြန်းကြကုန်၏။ “အချင်းတို့ ဤယောကျာ်းကား မင်း၏ ရန်သူကိုနှိပ်စက်၍ သတ်ခဲ့၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူ့အား ဆုကို ပေးတော်မူ၏၊ ထို့ကြောင့် ဤယောကျာ်းသည် ပန်းပန်ကာ နားတောင်း ဆင်လျက် ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်လျက် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ ပျော်ပါးနေ၏”ဟုထိုသူ့ကို ပြောဆိုကုန်၏။
ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍ ့မြည်ဟီးသော ထက်စည်ဖြင့် လမ်းတစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူအချို့ကို တွေ့မြင်ရ၏။
“အချင်းတို့ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍ မြည်ဟီးသောထက်စည်ဖြင့် လမ်း တစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရ၏၊ ဤယောကျာ်းသည် အဘယ်ကိုပြုခဲ့သနည်း”ဟု ထိုသူ့ကို ပြောဆို ကုန်၏။ “အချင်းတို့ ဤယောကျာ်းသည် မင်း၏ ရန်သူတည်း၊ မိန်းမကိုလည်း သတ်ခဲ့၏၊ ယောကျာ်းကိုလည်း သတ်ခဲ့၏၊ ထို့ကြောင့် မင်းတို့သည် ထိုသူ့ကို ဖမ်း၍ ဤသို့သဘောရှိသော ညှဉ်းဆဲမှုတို့ကို ပြု စေကုန်၏ “ဟု ထိုသူ့ကို ပြောဆိုကုန်၏။
ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသည် ကိုမြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြင်လည်း မြင်ဖူးပါ၏၊ ကြားလည်း ကြားဖူးပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီး ထိုအရာ၌ “အသက်သတ်သူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏဗြာဟ္မဏတို့သည် အမှန်ကို ဆိုကုန်သလော၊ မမှန်ကို ဆိုကုန်သလော။ အသျှင်ဘုရား မမှန်သည်ကို ဆိုပါကုန်၏။ အချည်းနှီး မမှန်သည်ကို ဆိုသူတို့သည် သီလရှိသူတို့လော၊ သီလမရှိသူတို့လော။ အသျှင်ဘုရားသီလမရှိသူတို့ပါတည်း။ သီလမရှိသူ ယုတ်ညံ့သော အကျင့်ရှိသူတို့သည် မှားယွင်းစွာ ကျင့်သူတို့လော၊ မှန်ကန်စွာ ကျင့်သူတို့လော။ အသျှင်ဘုရား မှားယွင်းစွာ ကျင့်သူတို့ပါတည်။ မှားယွင်းစွာ ကျင့်သူတို့သည်မှားသော အယူရှိသူတို့လော၊ မှန်သော အယူရှိသူတို့လော။ အသျှင်ဘုရား မှားသော အယူရှိသူတို့ပါတည်း။ မှားသော အယူရှိသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၁)
ရွာသူကြီး တစ်မျိုးသော်ကား ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသူ အချို့ကို မြင်ရ၏။ “ အချင်းတို့ ဤယောကျာ်းသည် အဘယ်ကို ပြုခဲ့သနည်း၊ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေဘိ၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောကျာ်းသည် မင်း၏ ရန်သူကို နှိပ်စက်၍ ရတနာကို ဆောင်ယူ၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူ့အားဆုပေး တော်မူ၏၊ ထို့ကြောင့် ဤယောကျာ်းသည် ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့်တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေ၏ “ဟု ထိုသူ့ကို ပြောဆိုကုန်၏။
ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူ အချို့ကိုမြင်ရ၏။ “အချင်းတို့ ဤယောကျာ်းသည် အဘယ်ကို ပြုခဲ့သနည်း၊ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏တောင် ဘက်၌ ခေါင်းအဖြတ် ခံရ၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောကျာ်းသည်ရွာမှလည်း ကောင်း၊ တောမှလည်းကောင်း မပေးသည်ကို ခိုးလိုစိတ်ဖြင့် ခိုးယူ၏။ ထို့ကြောင့်မင်းတို့သည် ထိုသူ့ကို ဖမ်း၍ ဤသို့သဘောရှိသော ညှဉ်းဆဲမှုတို့ကို ပြုကုန်၏”ဟု ထိုသူ့ကိုပြောဆိုကုန်၏။ ရွာသူကြီး ထိုအရာ ကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသော သူကို မြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြင်လည်းမြင်ဖူးပါ၏၊ ကြားလည်း ကြားဖူးပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီး ထိုအရာ၌ “မပေးသည်ကို ခိုးယူသူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏဗြာဟ္မဏတို့သည် အမှန်ကို ဆိုကုန်သလော၊ မမှန်ကိုဆိုကုန်သလော။ပ။ ထိုသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၂)
ရွာသူကြီး နောက်တစ်မျိုးသော်ကား ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမ တို့နှင့်တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသူ အချို့ကို မြင်ရ၏။ “အချင်းတို့ ဤ့ယောကျာ်းသည် အဘယ်ကို ပြုခဲ့သနည်း၊ ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေဘိ၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောကျာ်းသည် ဘုရင့်ရန်သူ၏ မယားတို့၌ လွန်ကျူး၍ ကျင့်ခြင်းသို့ ရောက်ခဲ့၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူအား ဆုပေးတော်မူ၏။ ထို့ကြောင့် ဤယောကျာ်းသည် ပန်းပန်ကာ နားတောင်းဆင်လျက်။ပ။ မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါး၏”ဟု ထိုသူ့ကို ပြောဆိုကုန်၏။
ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူ အချို့ကိုမြင်ရ၏။ “အချင်းတို့ ဤယောကျာ်းသည် အဘယ်ကို ပြုခဲ့သနည်း၊ ခိုင်ခံ့သော ကြိုးဖြင့်။ပ။ မြို့၏တောင် ဘက်၌ ခေါင်းအဖြတ် ခံရ၏”ဟု ဤသို့ ထိုသူ့ကို ပြောဆိုကုန်၏။ “အချင်းတို့ ဤယောကျာ်းသည် အမျိုး ကောင်းမိန်းမအို အမျိုးကောင်းမိန်းမပျိုတို့၌ လွန်ကျူး၍ ကျင့်ခြင်းသို့ရောက်ခဲ့၏၊ ထို့ကြောင့် မင်းတို့သည် ထိုသူကို ဖမ်း၍ ဤသို့သဘောရှိသော ညှဉ်းဆဲမှုကိုပြုကုန်၏ “ဟု ထိုသူ့ကို ပြောဆိုကုန်၏။ ရွာသူကြီး ထိုအရာကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသော သူကို မြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည်မြင်လည်း မြင်ဖူးပါ၏၊ ကြားလည်း ကြားဖူး ပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီးထိုအရာ၌ “ကာမတို့၌ မှားယွင်းစွာ ကျင့်သူ အားလုံးသည် မျက်မှောက်ဘဝ၌ ပင် ကိုယ်ဆင်းရဲစိတ်ဆင်းရဲကို ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏဗြာဟ္မဏတို့သည် အမှန်ကိုဆိုကုန်သလော၊ မမှန်ကို ဆိုကုန်သလော။ပ။ ထိုသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၃)
ရွာသူကြီး နောက်တစ်မျိုးသော်ကား ဤလောက၌ ပန်းပန်ကာ နားတောင်းဆင်လျက် ကောင်းစွာရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်ပြီးလျှင် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့်မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသူ အချို့ကို မြင်ရ၏။ “အချင်းတို့ ပန်းပန်ကာ နားတောင်းဆင်လျက်ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်ပြီးလျှင် မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေသော ဤယောကျာ်းသည် မမှန်ပြောခြင်းဖြင့် မင်းကို ရွှင်ပြစေ၏၊ မင်းသည် အလိုတော်ကျ၍ ထိုသူ့အား ဆုပေးတော်မူ၏။ ထို့ကြောင့် ဤယောကျာ်းသည် ပန်းပန်ကာ နားတောင်းဆင်လျက် ကောင်းစွာ ရေမိုးချိုး ကောင်းစွာ လိမ်းကျံ၍ ဆံမုတ်ဆိတ်ကို ပြုပြင်ပြီးလျှင်မိန်းမတို့နှင့် တကွ ကာမဂုဏ်တို့ဖြင့် မင်းကဲ့သို့ မွေ့လျော်ပျော်ပါးနေ၏ “ဟု ထိုသူ့ကို ပြောဆိုကုန်၏။
ရွာသူကြီး ဤလောက၌ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍ မြည်ဟီးသော ထက်စည်ဖြင့် လမ်းတစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှ ထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရသူ အချို့ကို မြင်ရ၏။ “အချင်းတို့ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်မြဲအောင် နှောင်ဖွဲ့လျက် ခေါင်းတုံး တုံး၍ မြည်ဟီးသော ထက်စည်ဖြင့်လမ်း တစ်ခုမှ လမ်းတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ဆောင်ယူ၍ တောင်တံခါးမှထုတ်ပြီးလျှင် မြို့၏ တောင်ဘက်၌ ခေါင်းအဖြတ် ခံရ၏၊ ဤယောကျာ်းသည် အဘယ်ကိုပြုခဲ့သနည်း”ဟု ထိုသူ့ကို ပြောဆို ကုန်၏။ “အချင်းတို့ ဤယောကျာ်းသည် သူကြွယ်ကိုလည်းကောင်း၊ သူကြွယ်သားကိုလည်းကောင်း မမှန် ပြောခြင်းဖြင့် အကျိုးစီးပွားကို ဖျက်စီးခဲ့၏၊ ထို့ကြောင့် မင်းတို့သည်ထိုသူ့ကို ဖမ်း၍ ဤသို့သဘောရှိ သော ညှဉ်းဆဲမှုတို့ကို ပြုစေကုန်၏ “ဟု ထိုသူ့ကို ပြောဆိုကုန်၏။
ရွာသူကြီး ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် စင်စစ် ဤသို့သဘောရှိသောသူကို မြင်ဖူး ကြားဖူး၏လော။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြင်လည်း မြင်ဖူးပါ၏၊ ကြားလည်းကြား ဖူးပါ၏၊ ကြားလည်း ကြားရပါလိမ့်မည်။ ရွာသူကြီး ထိုအရာ၌ “မမှန်ပြောသူ အားလုံးသည်မျက်မှောက် ဘဝ၌ ပင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ခံစားရ၏”ဟု ဤသို့ ဝါဒရှိသော ဤသို့ အယူရှိသော သမဏ ဗြာဟ္မဏတို့သည် အမှန်ကို ဆိုကုန်သလော၊ မမှန်ကို ဆိုကုန်သလော။ အသျှင်ဘုရား မမှန်ကိုဆိုပါကုန်၏။ အချည်းနှီး မမှန်သည်ကို ဆိုသူတို့သည် သီလရှိသူတို့လော၊ သီလမရှိသူတို့လော။ အသျှင်ဘုရား သီလမရှိသူတို့ပါတည်း။ သီလမရှိ ယုတ်ညံ့သော အကျင့်ရှိသူတို့သည် မှားယွင်းစွာကျင့်သူတို့လော၊ မှန် ကန်စွာ ကျင့်သူတို့လော။ အသျှင်ဘုရား မှားယွင်းစွာ ကျင့်သူတို့ပါတည်း။ မှားယွင်းစွာ ကျင့်သူတို့သည် မှားသော အယူရှိသူတို့လော၊ မှန်သော အယူရှိသူတို့လော။ အသျှင်ဘုရားမှားသော အယူရှိသူတို့ပါ တည်း။ မှားသော အယူရှိသူတို့၌ ကြည်ညိုရန် လျော်ကန်ပါမည်လော။ အသျှင်ဘုရား မလျော်ကန်ပါ။ (၄)
အသျှင်ဘုရား တရားတော်သည် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား အကျွန်ုပ်အား တည်းခိုရန် အိမ်ရှိပါ၏၊ ထိုတည်းခိုရန် အိမ်၌ ညောင်စောင်းငယ်များရှိပါကုန်၏၊ နေရာများ ရှိပါကုန်၏၊ ရေအိုးကြီး ရှိပါ၏၊ ဆီမီး ရှိပါ၏၊ ထိုတည်းခိုရန် အိမ်၌ နေခြင်းသို့ကပ်ရောက်သော သမဏဗြာဟ္မဏအား အကျွန်ုပ်သည် အစွမ်းရှိသလောက် အားရှိသလောက် ဝေငှခဲ့ပါ၏။
အသျှင်ဘုရား ရှေး၌ ဖြစ်ဖူးသည်ကား အယူတစ်မျိုးရှိကုန်သော အလိုတစ်မျိုးရှိကုန်သော အကြိုက်တစ်မျိုးရှိကုန်သော ဆရာလေးယောက်တို့သည် ထိုတည်းခိုအိမ်၌ နေခြင်းသို့ ကပ်ရောက်ကြပါကုန်၏။
ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပေးလှူခြင်းသည် မရှိ၊ ယစ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သောကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု အယူရှိပါ၏။
ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပေးလှူခြင်းသည် ရှိ၏၊ ယစ်ပူဇော်ခြင်းသည် ရှိ၏၊ ဟုံးပူဇော်ခြင်းသည် ရှိ၏၊ ကောင်းမှုမကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည်လောက၌ ရှိကုန်၏ “ဟု အယူရှိပါ၏။
ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူတိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကား ပြောသူ ပြောစေသူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏တောင်ဘက်ကမ်း၌ နေသော သူသည်လည်း အသက်ကို သတ်လျက် သတ်စေလျက် ဖြတ်လျက်ဖြတ်စေလျက် နှိပ်စက်လျက် နှိပ်စက်စေလျက် သွားနေစေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့်မကောင်းမှု မရှိ၊ မကောင်းမှု ဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း၌ နေသော သူသည် လှူလျက်လှူစေလျက် ပူဇော်လျက် ပူဇော်စေလျက် သွားစေကာမူ ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု့မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ”ဟု အယူရှိပါ၏။
ဆရာတစ်ယောက်ကား ဤသို့ ဝါဒရှိပါ၏၊ ဤသို့ အယူရှိပါ၏၊ “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေ သူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူတုန်လှုပ်စေသူ၊ အသက်ကို သတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူတိုက်ခိုက် လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူသွားလာစေသူ၊ မမှန်စကားပြောသူ ပြောစေသူများသည် မကောင်းမှုကို ပြုသော် ပြုသည် မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါ တို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင်အကယ်၍ ပြုခဲ့လျှင် ထို အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက် ဖြတ်လျက် ဖြတ်စေလျက်နှိပ်စက်လျက် နှိပ်စက်စေလျက် သွားခဲ့လျှင် ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ မြောက်ဖက်ကမ်း၌ နေသော သူသည် လှူလျက် လှူစေလျက်ပူဇော်လျက် ပူဇော်စေလျက် သွားခဲ့လျှင် ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏”ဟု အယူ ရှိပါ၏။
အသျှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် “အဘယ်သူသည် အမှန်ကို ပြောသနည်း၊ အဘယ်သူသည်မမှန်ပြောသနည်း”ဟု အကျွန်ုပ်အား ယုံမှားခြင်း ဖြစ်သည်သာတည်း၊ တွေးတောခြင်း ဖြစ်သည်သာတည်းဟု (လျှောက်၏)။
ရွာသူကြီး သင်သည် ယုံမှားခြင်းငှါ ထိုက်သည်သာတည်း၊ တွေးတောခြင်းငှါ ထိုက်သည်သာတည်း၊ စင်စစ်သော်ကား သင်သည် ယုံမှားသင့်သော နေရာ၌ ယုံမှားခြင်း ဖြစ်ပေါ်၏။ အသျှင်ဘုရား “မြတ်စွာဘုရားသည် ဤယုံမှားခြင်းသဘော ပျောက်အောင် အကျွန်ုပ်အား တရားဟောခြင်းငှါ စွမ်းနိုင်၏”ဟု မြတ်စွာဘုရား၌ ယုံကြည်ပါ၏ဟု လျှောက်၏။
ရွာသူကြီး လောကီသမာဓိဟူ၍ ရှိ၏၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရပါလျှင် ဤယုံမှားခြင်းသဘော ပျောက်နိုင်ရာ၏။ ရွာသူကြီး လောကီသမာဓိဟူသည် အဘယ်နည်း၊ ရွာသူကြီး ဤလောက၌ အရိယာတပည့်သည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှရှောင်ကြဉ်၏၊ မပေးသည်ကို ခိုးယူခြင်းကို ပယ်၍ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းကိုပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားပြောခြင်းကို ပယ်၍ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကား ပြောခြင်းကို ပယ်၍ ကြမ်းတမ်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသောစကား ပြောခြင်းကို ပယ်၍ ပြိန်ဖျင်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ သူ့စည်းစိမ်ကိုရှေးရှုကြံခြင်းကို ပယ်၍ သူ့စည်းစိမ်ကို ရှေးရှု မကြံ၊ သူတစ်ပါးအား ဖျက်ဆီးလိုသော အမျက်ဒေါသကိုပယ်၍ သူတစ်ပါးအား မဖျက်ဆီးလိုသော စိတ်ရှိ၏၊ မှားသော အယူကို ပယ်၍ မှန်ကန်သော အယူရှိ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်းမှ ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏— “ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည်မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည်မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူ အသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ် မရှိ။ ငါသည် ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့်စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်သို့လည်းရောက်ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ( ဤသို့ ဆင်ခြင်၏)။ ထိုသူ့အားဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်း မြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေး သော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤ ယုံမှားခြင်းသဘော ပျောက်နိုင်ရာ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့ အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏— “ပေးလှူခြင်းသည် ရှိ၏၊ ယဇ်ပူဇော်ခြင်းသည် ရှိ၏၊ ဟုံးပူဇော်ခြင်းသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည်ရှိကုန်၏။ ဤ လောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသောအကျင့်ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်း ကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ် ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့လည်း ရောက်ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ( ဤသို့ ဆင်ခြင်၏)။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား့နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျက်နိုင်ရာ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်းမှ ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု’သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသောသတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏— “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကားပြောသူပြောစေ သူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်းတုန်းသွား စက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့လျှင်ထိုအကြောင်းကြောင့် မ ကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် သွားစေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ မြောက်ဘက် ကမ်း၌ နေသော သူသည် လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် သွားစေကာမူ ထို (လှူ ခြင်းစသော) အကြောင်းကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမ ခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိဟု ဤသို့ ဝါဒ ရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည် ရွေ့ရှားတတ်သောသတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦး တစ်ယောက်ကိုမျှမနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့် စည်း၏၊ ယင်းသို့စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူ တို့၏လားရာနတ်ပြည်လောကသို့ ရောက်ရအံ့၊ ငါသည် ဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ( ဤသို့ ဆင်ခြင်၏)။
ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သောစိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျက်နိုင်ရာ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်းမှ ကင်းလျက် သူတစ်ပါးအား ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက်ချမ်းသာစေလိုခြင်း ‘မေတ္တာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို။ ဤ နည်းအားဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကိုမိမိ နှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏— “ ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကား ပြောသူပြော စေသူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်း သွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့မူထိုအကြောင်းကြောင့် မ ကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် သွားခဲ့မူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ မြောက် ဘက်ကမ်း၌ နေသော သူသည် လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် သွားခဲ့သော် ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏။ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်း ကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏။ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက်အံ့၊ ဤဝါဒနှစ်မျိုးလုံး၌ ငါသည်အနိုင်ရ၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအားနှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျက်နိုင် ရာ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲ ဆင်ခြင်ဉာဏ်’သမ္ပဇဉ်’ အောက်မေ့မှု’သတိ’ရှိလျက်သနား ခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ရွာသူကြီး ထိုအရိယာ တပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်း လျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု’သတိ’ ရှိလျက်လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။
ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာ ကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏ —“ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူ အသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည် ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက်ရအံ့၊ ဤဝါဒနှစ်မျိုး လုံး၌ ငါသည် အနိုင်ရ၏ “ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော စိတ်ရှိ သူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။
ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤ ယုံမှားခြင်းသဘောကို ပယ်ဖျောက်နိုင်ရာ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲလျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိလျက် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်း အရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏— “ပေးလှူခြင်းသည် ရှိ၏၊ ယဇ်ပူဇော်ခြင်းသည် ရှိ၏၊ ဟုံးပူဇော်ခြင်းသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည်ရှိကုန်၏။ ဤ လောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသောအကျင့်ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်း ကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ် ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာ ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက် ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား့နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်း အေးသော စိတ်ရှိသူသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့ လျှင် ဤယုံမှားခြင်းသဘောကို ပယ်ဖျောက်နိုင်ရာ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါးအား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက်လျစ် လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသောသတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်း အရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏—“ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကားပြောသူပြောစေ သူများသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်းသွား စက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့လျှင်ထိုအကြောင်းကြောင့် မ ကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် အကယ်၍ သွားနေ စေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့် မကောင်းမှုမရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း၌ နေသူသည် လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် အကယ်၍ သွားနေ စေကာမူ ထို (လှူခြင်းစသော) အကြောင်းကြောင့်ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ။ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ “ဟု ဤသို့ ဝါဒရှိသူ ဤသို့ အယူရှိသူအသျှင်ဆရာ၏ စကားသည် အကယ်၍ မှန်အံ့၊ ( ဤဆရာ့ စကား၌ ) ငါ့အား အပြစ်မရှိ။ ငါသည်ရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်းတစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့်စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာ နတ်ပြည်လောကသို့ ရောက်ရအံ့၊ ဤဝါဒနှစ်မျိုးလုံး၌ ငါသည်အနိုင်ရ၏ “ဟု ဤသို့ ဆင်ခြင်၏။ ထိုသူ့အား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သူအား နှစ်သိမ့်ခြင်းဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည် ချမ်းသာကိုခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏။ ရွာသူကြီး ဤသည်ကားလောကီသမာဓိတည်း၊ သင်သည် ထိုလောကီသမာဓိ၌ တည်၍ လောကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကို ပယ် ဖျက်နိုင်ရာ၏။
ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံခြင်း ကင်းလျက် (သူတစ်ပါး အား) ဖျက်ဆီးလိုခြင်း ကင်းလျက် မတွေဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် လျစ့်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူနှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသောသတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်း အရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤသို့ ဆင်ခြင်၏— “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကိုသတ်သူ သတ်စေသူ၊ ခိုးယူသူ ခိုးယူစေသူ၊ အိမ်ကို ဖောက်ထွင်းသူ ဖောက်ထွင်းစေသူ၊ ရွာကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ တိုက်ခိုက်လုယူစေသူ၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ လုယက်စေသူ၊ သူ့မယားကို သွားလာသူ သွားလာစေသူ၊ မမှန်စကား ပြောသူပြော စေသူများသည် မကောင်းမှုကို ပြုသော် ပြုသည် မည်၏၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်းသွားစက် ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုခဲ့လျှင်ထိုအကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌ နေသော သူသည် အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက်နှိပ်စက်စေလျက် သွားသည်ရှိသော် ထို (သတ်ခြင်း စသော) အကြောင်းကြောင့် မကောင်းမှု ရှိ၏၊ မကောင်းမှုဖြစ်ခြင်း ရှိ၏။ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း၌ လှူလျက် လှူစေလျက်၊ ပူဇော်လျက်ပူဇော်စေလျက် သွားခဲ့သော် ထို (လှူခြင်းစသော) အကြောင်းကြောင့် ကောင်းမှု ရှိ၏၊ ကောင်းမှုဖြစ်ခြင်းရှိ၏။ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်း အမှန် ဆိုခြင်းတို့ကြောင့် ကောင်းမှုရှိ၏၊ ကောင်းမှုဖြစ်ခြင်း ရှိ၏ဟု ဤသို့ ဝါဒရှိသူ ဤသို့ အမြင်ရှိသူ အသျှင် ဆရာ၏ စကားသည်အကယ်၍ မှန်အံ့၊ ဤဆရာ့စကား၌ ငါ့အား အပြစ်မရှိ။ ငါသည် ရွေ့ရှားတတ်သောသတ္တဝါကိုလည်းကောင်း၊ မရွေ့ရှားတတ်သော သတ္တဝါကိုလည်းကောင်း တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်။ ငါသည် ကိုယ်ဖြင့် စောင့်စည်း၏၊ နှုတ်ဖြင့် စောင့်စည်း၏၊ စိတ်ဖြင့် စောင့်စည်း၏၊ ယင်းသို့စောင့် စည်းခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သူတို့၏ လားရာနတ်ပြည် သို့ ရောက်ရအံ့၊ ငါသည် ဤဝါဒနှစ်မျိုးလုံး၌ အနိုင်ရ၏”ဟု ဤသို့ ဆင်ခြင်၏၊ ထိုသူ့အားဝမ်းမြောက် ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ကိုယ်သည် ငြိမ်း အေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏ ချမ်းသာသော သူ၏စိတ်သည် တည် ကြည်၏။ ရွာသူကြီး ဤသည်ကား လောကီသမာဓိတည်း၊ သင်သည်ထိုလောကီသမာဓိ၌ တည်၍ လော ကုတ္တရာမဂ်သမာဓိကို ရခဲ့လျှင် ဤယုံမှားခြင်းသဘောကိုပယ်ဖျက်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူလျှင် ပါဋလိယရွာသူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု လျှောက်၏။
တေရသမသုတ်။
ဂါမဏိသံယုတ် ပြီး၏။