သံယုတ္တနိကာယ်—၄၃

၁—ပဌမဝဂ်

၁—ကာယဂတာသတိသုတ်

၃၆၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရား ကို နာကြကုန်လော့။

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း၊ ရာဂကုန်ရာ ဒေါသကုန်ရာမောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟုဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ ရုပ်အပေါင်း ကာယ၌ ရုပ်အပေါင်းကာယဟု အောက်မေ့ဆင်ခြင်မှု ‘ကာယဂတာသတိ’ ပင်တည်း။ ရဟန်းတို့ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် ငါသည် သင်တို့အား မပြုပြင်အပ်သော ‘အသင်္ခတ’ တရားကို ဟောခဲ့ပြီ၊ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းကို ဟောခဲ့ပြီ။ ရဟန်းတို့ တပည့်တို့၏စီးပွားကို လိုလားသော သနားတတ်သော ဆရာသည် သနားမှုကို အစွဲပြု၍ သင်တို့အတွက် ပြုသင့်သည်ကို ငါပြုပြီးပြီ၊ ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ ကျောင်းတို့တည်း။ ရဟန်းတို့ ကပ်၍ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်မှ နောင်တရသူတို့ မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။