သံယုတ္တနိကာယ်—၄၅

၂—ဒုတိယ ဂင်္ဂ ါပေယျာလဝဂ်

၁၉—ပဌမ သမုဒ္ဒနိန္နသုတ်

၁၂၁။ ရဟန်းတို့ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါး ရှိသည့်အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကိုပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။