သံယုတ္တနိကာယ်—၄၅

၆—ဗလကရဏီယဝဂ်

၈—ပဌမ မေဃသုတ်

၁၅၆။ ရဟန်းတို့ နွေဥတု၏ နောက်ဆုံး ဝါဆိုလ၌ အထက်သို့ တက်သော မြူမှုန်ကို အခါမဲ့ ရွာသောမိုးကြီးသည် တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန် များစွာပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို တစ်ခဏချင်းကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။

ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် အဘယ်သို့လျှင် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်သနည်း၊ ရဟန်းတို့ဤသာသနာတော် ၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန် သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။

ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိ သော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ် ညံ့သောအကုသိုလ်တရားတို့ကို တစ်ခဏချင်းကွယ်ပျောက် ငြိမ်းအေးစေနိုင်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။