သံယုတ္တနိကာယ်—၄၅
၆—ဗလကရဏီယဝဂ်
၇—အာကာသသုတ်
၁၅၅။ ရဟန်းတို့ ဥပမာသော်ကား ကောင်းကင်၌ အမျိုးမျိုးသော လေတို့သည် တိုက်ခတ်ကုန်၏၊ အရှေ့လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ အနောက်လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ မြောက်လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ တောင်လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ မြူပါသော လေတို့သည်လည်းတိုက်ခတ်ကုန်၏၊ မြူမပါသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေအေးတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေပူတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေညင်းတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေပြင်းတို့သည်လည်း တိုက်ခတ်ကုန်၏။ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သတိပဋ္ဌာန်လေးပါးတို့သည်လည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့သည်လည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့သည်လည်းကောင်း၊ ဣန္ဒြေငါးပါးတို့ သည်လည်းကောင်း၊ ဗိုလ်ငါးပါးတို့သည်လည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည်လည်းကောင်း ပွားများ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။
ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သတိပဋ္ဌာန်လေးပါးတို့သည်လည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့သည်လည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့သည်လည်းကောင်း၊ ဣန္ဒြေငါးပါးတို့သည်လည်းကောင်း၊ ဗိုလ်ငါးပါးတို့သည်လည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည်လည်းကောင်း အဘယ်သို့လျှင် ပွားများပြည့်စုံခြင်းသို့ရောက်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သတိပဋ္ဌာန်လေးပါးတို့သည်လည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့သည်လည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့သည်လည်းကောင်း၊ ဣန္ဒြေငါးပါးတို့သည်လည်းကောင်း၊ ဗိုလ်ငါးပါးတို့သည်လည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည်လည်းကောင်း ပွားများပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။