သံယုတ္တနိကာယ်—၄၅

၇—ဧသနာဝဂ်

၂—ဝိဓာသုတ်

၁၆၂။ ရဟန်းတို့ ထောင်လွှားမှု ‘မာန’တို့သည် ဤသုံးပါးတို့တည်း။ သုံးပါးတို့ဟူသည် အဘယ်တို့နည်း၊ ငါသည် (သူ့ထက်) မြတ်၏ဟု ထောင်လွှားမှု ‘မာန’၊ ငါသည် (သူနှင့်) တူ၏ဟု ထောင်လွှားမှု ‘မာန’၊ ငါသည် (သူ့အောက်) ယုတ်၏ဟု ထောင်လွှားမှု ‘မာန’တို့တည်း။ ရဟန်းတို့ ထောင်လွှားမှု ‘မာန’တို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤထောင်လွှားမှု ‘မာန’သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏။

အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤထောင်လွှားမှု ‘မာန’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။ [ဧသနာသုတ်ကဲ့သို့ ဤသုတ်ကို ချဲ့အပ်၏]။

ဒုတိယသုတ်။