သံယုတ္တနိကာယ်—၄၅

၇—ဧသနာဝဂ်

၁—ဧသနာသုတ်

၁၆၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု့ ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကိုပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ပိုင်းခြား၍ သိခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏။ [ပိုင်းခြား၍ သိပုံကို ချဲ့အပ်၏]။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ကုန်ခန်းစေခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏။ [ကုန်ခန်းပုံကို ချဲ့အပ်၏]။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ပယ်ခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ် ၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော် ၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန် သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’့ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ပယ်ခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။