သံယုတ္တနိကာယ်—၄၅
၈—သြဃဝဂ်
၄—ဂန္ထသုတ်
၁၇၅။ ရဟန်းတို့ ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သော ‘ဂန္ထ’တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ မက်မောခြင်း ‘အဘိဇ္ဈာ’ဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သောတရား ‘အဘိဇ္ဈာကာယဂန္ထ’၊ ဖျက်ဆီးခြင်း ‘ဗျာပါဒ’ဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သောတရား ‘ဗျာပါဒကာယဂန္ထ’၊ နွားစသည်တို့၏ အလေ့အကျင့်ဖြင့် စင်ကြယ်၏ဟု မှားသောအားဖြင့် သုံးသပ်ခြင်းဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သောတရား ‘သီလဗ္ဗတပရာမာသကာယဂန္ထ’၊ ငါ၏ဤအယူသာ မှန်၏ဟု မှားသောအားဖြင့် နှလုံးသွင်းမှုဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သော တရား ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’တို့တည်း။ ရဟန်းတို့ ဂန္ထတရားတို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤဂန္ထတရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။