သံယုတ္တနိကာယ်—၄၅

၂—ဝိဟာရဝဂ်

၈—ပဌမ ကုက္ကုဋာရာမသုတ်

၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ဘဒ္ဒတို့သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်ဘဒ္ဒသည်ညနေချမ်းအချိန် တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်လျက် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏—ငါ့သျှင့်အာနန္ဒာ “မမြတ်သောအကျင့် မမြတ်သောအကျင့်”ဟု ဆို၏၊ ငါ့သျှင် မမြတ်သောအကျင့်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ဉာဏ်ဖြင့် စူးစမ်းခြင်းသည် ကောင်းပေစွ၊ ဉာဏ်အမြင်သည် ကောင်းပေစွ၊ ဆွေးနွေးမေးမြန်းမှုသည် ကောင်းပေစွ။ ငါ့သျှင်ဘဒ္ဒ သင်သည်”ငါ့သျှင်အာနန္ဒာ ‘မမြတ်သောအကျင့် မမြတ်သောအကျင့်’ဟု ဆိုအပ်၏၊ ငါ့သျှင် မမြတ်သောအကျင့်ဟူ သည် အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်လောဟု ဆို၏၊ ငါ့သျှင်ဟုတ်ပါ၏ဟုဆို၏၊ ငါ့သျှင် အင်္ဂါရှစ်ပါးရှိသော ဤမှားယွင်းသော လမ်းစဉ် မိစ္ဆာမဂ်သည်ပင်လျှင် မမြတ်သောအကျင့်တည်း။ မှားယွင်းသော လမ်းစဉ် မိစ္ဆာမဂ်တို့ကား အဘယ်နည်း၊ မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်း သော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’တို့တည်းဟု (မိန့်ဆို၏)။

အဋ္ဌမသုတ်။