သံယုတ္တနိကာယ်—၄၅
၂—ဝိဟာရဝဂ်
၉—ဒုတိယ ကုက္ကုဋာရာမသုတ်
၁၉။ ပါဋလိပုတ်နိဒါန်း။ ငါ့သျှင်အာနန္ဒာ “အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ”’ဟု ဆိုအပ်၏၊ ငါ့သျှင် အကျင့်မြတ် ‘ဗြဟ္မစရိယ’ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ’၏ အဆုံးကားအဘယ်ပါနည်းဟု (လျှောက်၏)။
ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ဉာဏ်ဖြင့် စူးစမ်းခြင်းသည် ကောင်းပေစွ၊ ဉာဏ်အမြင်သည် ကောင်းပေစွ၊ ဆွေးနွေးမေးမြန်းမှုသည် ကောင်းပေစွ။ ငါ့သျှင်ဘဒ္ဒ သင်သည်”ငါ့သျှင်အာနန္ဒာ အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ’ဟု ဆိုအပ်၏၊ ငါ့သျှင် အကျင့်မြတ့် ‘ဗြဟ္မစရိယ’ ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ’၏ အဆုံးကား အဘယ်ပါနည်း”ဟု ဤသို့မေးမြန်းသည် မဟုတ်လောဟု ဆို၏၊ ငါ့သျှင်အာနန္ဒာဟုတ်ပါ၏ဟု ဆို၏၊ ငါ့သျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်သည်ပင်လျှင် အကျင့်မြတ် ‘ဗြဟ္မစရိယ’ တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် စွဲမက်မှု ‘ရာဂ’ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ကုန်ရာ တွေဝေမှု ‘မောဟ’ ကုန်ရာ နိဗ္ဗာန်သည် အကျင့်မြတ် ‘ဗြဟ္မစရိယ’ ၏အဆုံးတည်းဟု (မိန့်ဆို၏)။
နဝမသုတ်။