သံယုတ္တနိကာယ်—၄၅
၈—သြဃဝဂ်
၁ဝ—ဥဒ္ဓံဘာဂိယသုတ်
၁၈၁။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည်ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်း ခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏။
အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည်ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်း ခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏။
အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွါးများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှစ်ခုမြောက် သြဃဝဂ် ပြီး၏။
မဂ္ဂသံယုတ် ပြီး၏။