သံယုတ္တနိကာယ်—၄၅

၃—မိစ္ဆတ္တဝဂ်

၁ဝ—ဥတ္တိယသုတ်

၃ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ဥတ္တိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေသောအကျွန်ုပ်အား ‘မြတ်စွာဘုရားသည် ကာမဂုဏ်ငါးပါးတို့ကိုဟောကြားတော်မူအပ်ကုန်၏၊ မြတ်စွာဘုရား ဟောကြားအပ်ကုန်သော ကာမဂုဏ်ငါးပါးတို့ကား အဘယ်တရားများပါနည်း’ဟု ဤသို့ စိတ်အကြံ ဖြစ်ပါ၏”ဟု (လျှောက်၏)။

ဥတ္တိယ ကောင်းပေစွ ကောင်းပေစွ၊ ဥတ္တိယ ငါဘုရားသည် ဤကာမဂုဏ်ငါးပါးတို့ကို ဟောကြားအပ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်ချစ်ခင်ဖွယ်သဘောရှိကုန် ကာမနှင့် စပ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သော စက္ခုဝိညာဏ်ဖြင့်မြင်အပ် ကုန်သောအဆင်း ‘ရူပါရုံ’တို့လည်းကောင်း ။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်ကုန်သောအသံ ‘သဒ္ဒါရုံ’ တို့ လည်းကောင်း ။ပ။ ဃာနဝိညာဏ်ဖြင့် နံအပ်ကုန်သောအနံ့ ‘ဂန္ဓာရုံ’ တို့လည်းကောင်း ။ပ။

ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သောအရသာ ‘ရသာရုံ’ တို့လည်းကောင်း၊ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန် ကာမနှင့် စပ်ကုန်သောတပ်မက်ဖွယ်ကောင်းကုန်သော ကာယ ဝိညာဏ်ဖြင့် တွေ့ထိအပ်ကုန်သောအတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့လည်းကောင်း တည်း။ ဥတ္တိယ ငါဘုရား ဟောကြားအပ်ကုန်သောကာမဂုဏ်တရားတို့သည်ကား ဤငါးပါးတို့တည်း။

ဥတ္တိယ ဤကာမဂုဏ်ငါးပါးတို့ကို ပယ်စွန့်ရန် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏။

အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ဟူသည် အဘယ်နည်း၊ ဤအရိယမဂ်တရားကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဥတ္တိယ ဤကာမဂုဏ်ငါးပါးတို့ကို ပယ်ရန်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် မိစ္ဆတ္တဝဂ် ပြီး၏။