သံယုတ္တနိကာယ်—၄၅
၅—အညတိတ္ထိယပေယျာလဝဂ်
၈—အနုပါဒါပရိနိဗ္ဗာနသုတ်
၄၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် သင်တို့ကို”ငါ့သျှင်တို့ အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါသနည်း”ဟုမေးမြန်းကြကုန်မူ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့ အကြောင်းကင်းသော နိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။
ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ အကြောင်းကင်းသောနိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်ရှိပါသလော၊ အကျင့်ရှိပါသလော”ဟု ဤသို့ သင်တို့ကို မေးမြန်းကြကုန်မူ ရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား”ငါ့သျှင်တို့ အကြောင်းကင်းသော နိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်ရှိသည်သာတည်း၊ အကျင့်ရှိသည်သာတည်း”ဟုဖြေဆိုကြကုန်ရာ၏။ ရဟန်းတို့ အကြောင်းကင်းသော နိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့် သည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့ပေတည်း။ ရဟန်းတို့ဤဆိုခဲ့ပြီးသောအရိယမဂ်တရားသည် အကြောင်းကင်းသော နိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်ဖြစ်၏၊ အကျင့်ဖြစ်၏။ ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သောထိုပရိဗိုဇ်တို့အား ဤဆိုခဲ့သည့်အတိုင်းပင် ဖြေဆိုကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
အညတိတ္ထိယပေယျာလဝဂ် ပြီး၏။