သံယုတ္တနိကာယ်—၄၅
၆—သူရိယပေယျာလဝဂ်
၇—ယောနိသောမနသိကာရသမ္ပဒါသုတ်
၆၂။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့့်် ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရား ဖြစ်ပေါ်ရန် ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟုမျှော်လင့်အပ်၏။
ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကိုပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကိုပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအားဖြင့်နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
သူရိယပေယျာလဝဂ် ပြီး၏။