သံယုတ္တနိကာယ်—၄၅

၇—ဧကဓမ္မပေယျာလဝဂ်

၁—ကလျာဏမိတ္တသုတ်

၇ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါ ကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ မိတ်ဆွေကောင်းရှိခြင်းတည်း။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကိုပယ်ဖျောက်ခြင်း လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ဤသို့လျှင် မိတ် ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။