သံယုတ္တနိကာယ်—၄၅

၇—ဧကဓမ္မပေယျာလဝဂ်

၇—ယောနိသောမနသိကာရသမ္ပဒါသုတ်

၆၉။ (ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါ ကျေးဇူး့များ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’နှင့် ပြည့်စုံခြင်းတည်း။) ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’နှင့် ပြည့်စုံသော ရဟန်း သည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။