သံယုတ္တနိကာယ်—၄၅
၈—ဒုတိယ ဧကဓမ္မပေယျာလဝဂ်
၇—ယောနိသောမနသိကာရသမ္ပဒါသုတ်
၉ဝ။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’နှင့် ပြည့်စုံခြင်းမှ တစ်ပါး (အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ)။ ရဟန်းတို့ သင့်လျော်သောအားဖြင့်နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’နှင့် ပြည့်စုံသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ် ကိုပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။
ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’နှင့် ပြည့်စုံသော ရဟန်း အားအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကိုပွားများ ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သော တည်ကြည်မှု ‘သမ္မာ သမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိ ကာရ’နှင့် ပြည့်စုံသော ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
ဧကဓမ္မပေယျာလဝဂ် ပြီး၏။