သံယုတ္တနိကာယ်—၄၆
၂—ဂိလာနဝဂ်
၉—အရိယသုတ်
၂ဝဝ။ ရဟန်းတို့ ဖြူစင်ကောင်းမြတ်၍ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထိုဗောဇ္ဈင်ကို ပြုလုပ်ပွါးများသူကိုကောင်းစွာ ဆင်းရဲကုန်ခြင်းအကျိုးငှါ ထုတ်ဆောင်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။
ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။
ရဟန်းတို့ ပွါးများအပ်ကုန်သော ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဖြူစင်ကောင်းမြတ်၍ ဝဋ့်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ထိုဗောဇ္ဈင်ကိုပြုလုပ်ပွါးများသူကို ကောင်းစွာ ဆင်းရဲကုန်ခြင်းအကျိုးငှါ ထုတ်ဆောင်ကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။