သံယုတ္တနိကာယ်—၄၈
၃—ဆဠိန္ဒြိယဝဂ်
၉—ပဌမ သမဏဗြာဟ္မဏသုတ်
၄၉၉။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ စက္ခုန္ဒြေ။ပ။ မနိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိကုန်သော သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက် ပြုလျက် ရောက်၍ မနေရကုန်။
ရဟန်းတို့ ဤဣန္ဒြေခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိကုန်သော သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ့ဗြာဟ္မဏ ဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။