သံယုတ္တနိကာယ်—၄၈

၃—ဆဠိန္ဒြိယဝဂ်

၁ဝ—ဒုတိယ သမဏဗြာဟ္မဏသုတ်

၅ဝဝ။ ရဟန်းတို့ စက္ခုန္ဒြေကို မသိသူ၊ စက္ခုန္ဒြေ၏ ဖြစ်ကြောင်းကို မသိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို မသိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိသူ သမဏဗြာဟ္မဏဟူသမျှတို့ကို။ သောတိန္ဒြေ။ပ။ ဃာနိန္ဒြေ။ပ။ ဇိဝှိန္ဒြေ။ပ။ ကာယိန္ဒြေ။ပ။ မနိန္ဒြေကို မသိသူ၊ မနိန္ဒြေ၏ဖြစ် ကြောင်းကို မသိသူ၊ မနိန္ဒြေ၏ ချုပ်ရာကို မသိသူ၊ မနိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို မသိသူ သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟုမသမုတ်အပ်ကုန်။ပ။ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ စက္ခုန္ဒြေကို သိသူ၊ စက္ခုန္ဒြေ၏ ဖြစ်ကြောင်းကို သိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကိုသိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိသူ သမဏဗြာဟ္မဏ ဟူသမျှတို့ကို။ သောတိန္ဒြေ။ပ။ ဃာနိန္ဒြေ။ပ။ ဇိဝှိန္ဒြေ။ပ။ ကာယိန္ဒြေ။ပ။ မနိန္ဒြေကို သိသူ၊ မနိန္ဒြေ၏ ဖြစ်ကြောင်းကိုသိသူ၊ မနိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို သိသူ၊ မနိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုသိသူ သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏ ဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဆဠိန္ဒြိယဝဂ် ပြီး၏။