သံယုတ္တနိကာယ်—၄၈
၄—သုခိန္ဒြိယဝဂ်
၅—ဒုတိယ သမဏဗြာဟ္မဏသုတ်
၅ဝ၅။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ သုခိန္ဒြေကို မသိကြသူ၊ သုခိန္ဒြေ၏ဖြစ် ကြောင်းကို မသိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို မသိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက် ကြောင်းအကျင့်ကို မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို။ ဒုက္ခိန္ဒြေကို မသိကြသူ။ပ။ သောမနဿိန္ဒြေကို မသိကြသူ။ပ။ ဒေါမနဿိန္ဒြေကို မသိကြသူ။ပ။ ဥပေက္ခိန္ဒြေကို မသိကြသူ၊ ဥပေက္ခိန္ဒြေ၏ ဖြစ်ကြောင်းကို မသိကြသူ၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို မသိကြသူ၊ ဥပေက္ခိန္ဒြေ၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကိုသမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက် ရောက်၍ မနေရကုန်။
ရဟန်းတို့ သုခိန္ဒြေကို သိကြသူ၊ သုခိန္ဒြေ၏ ဖြစ်ကြောင်းကို သိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို့သိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကြသူ။ ဒုက္ခိန္ဒြေကို သိကြသူ။ပ။
သောမနဿိန္ဒြေကို သိကြသူ။ပ။ ဒေါမနဿိန္ဒြေကို သိကြသူ။ပ။ ဥပေက္ခိန္ဒြေကို သိကြသူ၊ ဥပေက္ခိန္ဒြေ၏ဖြစ်ကြောင်းကို သိကြသူ၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို သိကြသူ၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို သိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟုသမုတ် အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည်သမဏဖြစ်ကျိုး ကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။