သံယုတ္တနိကာယ်—၄၉

၃—ဗလကရဏီယဝဂ်

၁—၁၂—ဗလကရဏီယ စသော ၁၂—သုတ်

၆၇၃—၆၈၄။ ရဟန်းတို့ ဥပမာသော်ကား ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို့မြေကြီးကို မှီ၍ မြေကြီး၌ တည်၍ ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်းသည် သီလကိုမှီ၍ သီလ၌ တည်၍ သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ သမ္မပ္ပဓာန်လေးပါးတို့ကိုပွါးများသနည်း၊ ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်စေရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ပ။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွါးစေရန် ပြန့်ပြောစေရန် ပွါးများမှု ပြည့်စုံစေရန် အလို ‘ဆန္ဒ’ ကိုဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက်တည်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

[ဤသို့ ဗလကရဏီယဝဂ်ကို သမ္မပ္ပဓာန်၏ အစွမ်းအားဖြင့် ချဲ့အပ်၏]။

ဒွါဒသမသုတ်။

သုံးခုမြောက် ဗလကရဏီယဝဂ် ပြီး၏။