သံယုတ္တနိကာယ်—၅ဝ

၅—သြဃဝဂ်

၁—၁ဝ—သြဃစသော ၁ဝ—သုတ်

၇၄၉—၇၅၈။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည်ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သဒ္ဓါဗိုလ်ကို ပွါးများ၏။

ဝီရိယဗိုလ်ကို။ပ။ သတိဗိုလ်ကို။ သမာဓိဗိုလ်ကို။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညာဗိုလ်ကို ပွါးများ၏။

ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ [ဤသို့ ချဲ့အပ်ကုန်၏]။