သံယုတ္တနိကာယ်—၅ဝ
၆—ဂင်္ဂ ါပေယျာလဝဂ်
၁—၁၂—ပါစီန စသော ၁၂—သုတ်
၇၅၉—၇၇ဝ။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်းသကဲ့သို့ ဤအတူပင်ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော ယုံကြည်မှု သဒ္ဓါဗိုလ်ကို ပွါးများ၏။ ဝီရိယဗိုလ်ကို။ပ။ သတိဗိုလ်ကို။ သမာဓိဗိုလ်ကို။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော ပညာဗိုလ်ကို ပွါးများ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
ခြောက်ခုမြောက် ဂင်္ဂါပေယျာလဝဂ် ပြီး၏။
[အပ္ပမာဒဝဂ်နှင့် ဗလကရဏီယဝဂ်တို့ကို ချဲ့အပ်ကုန်၏]။