သံယုတ္တနိကာယ်—၅ဝ

၁ဝ—သြဃဝဂ်

၁—၁ဝ—သြဃ စသော ၁ဝ—သုတ်

၈ဝ၃—၈၁၂။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့ နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည်ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော သဒ္ဓါဗိုလ်ကို ပွါးများ၏။ ဝီရိယဗိုလ်ကို။ပ။ သတိဗိုလ်ကို။ သမာဓိဗိုလ်ကို။ စွဲမက်မှု ‘ရာဂ’ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောတွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်း လျှင်အဆုံးရှိသော ပညာဗိုလ်ကို ပွါးများ၏။

ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ဆယ်ခုမြောက် သြဃဝဂ် ပြီး၏။

ခြောက်ခုမြောက် ဗလသံယုတ် ပြီး၏။