သံယုတ္တနိကာယ်—၅၁

၃—အယောဂုဠဝဂ်

၈—ဒုတိယ အာနန္ဒသုတ်

၈၄ဝ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူ၏— “အာနန္ဒာ ဣဒ္ဓိဟူသည် အဘယ်နည်း၊ ဣဒ္ဓိပါဒ်ဟူသည် အဘယ်နည်း၊ ဣဒ္ဓိပါဒ်ပွါးများခြင်းဟူသည် အဘယ်နည်း၊ ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏။ပ။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်းဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။ အာနန္ဒာ ဤသည်ကို ဣဒ္ဓိဟု ဆိုအပ်၏။

အာနန္ဒာ ဣဒ္ဓိပါဒ်ဟူသည် အဘယ်နည်း။ အာနန္ဒာ ဣဒ္ဓိကို ရရန်ဖြစ်သော လမ်းစဉ်အကျင့်ကို ဣဒ္ဓိပါဒ်ဟုဆိုအပ်၏။

အာနန္ဒာ ဣဒ္ဓိပါဒ်ပွါးများခြင်းဟူသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ အာနန္ဒာ ဤသည်ကို ဣဒ္ဓိပါဒ်ပွါးများခြင်းဟု ဆိုအပ်၏။

အာနန္ဒာ ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။ အင်္ဂါရှစ်ပါးရှိသောဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ အာနန္ဒာ ဤအရိယမဂ်ကို ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။