သံယုတ္တနိကာယ်—၅၁

၃—အယောဂုဠဝဂ်

၉—ပဌမ ဘိက္ခုသုတ်

၈၄၁။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား ဣဒ္ဓိဟူသည် အဘယ်ပါနည်း၊ ဣဒ္ဓိပါဒ်ဟူသည် အဘယ်ပါနည်း၊ ဣဒ္ဓိပါဒ်ပွါးများ့ခြင်းဟူသည် အဘယ်ပါနည်း၊ ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်ပါနည်း”ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။ ရဟန်းတို့ဤသည်ကို ဣဒ္ဓိဟု ဆိုအပ်၏။

ရဟန်းတို့ ဣဒ္ဓိပါဒ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဣဒ္ဓိကို ရရန်ဖြစ်သော လမ်းစဉ်အကျင့်ကိုဣဒ္ဓိပါဒ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဣဒ္ဓိပါဒ်ပွါးများခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို ဣဒ္ဓိပါဒ်ပွါးများခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။ အင်္ဂါရှစ်ပါးရှိသောဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤအရိယမဂ်ကို ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။