သံယုတ္တနိကာယ်—၅၆
၃—ကောဋိဂါမဝဂ်
၇—တထသုတ်
၁ဝ၉၇။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း —
(၁) ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား၊
(၁) ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သောအရိယာတို့၏ အမှန်တရား၊
(၃) ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဖြစ်သောအရိယာတို့၏ အမှန်တရား၊
(၄) ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။
ရဟန်းတို့ ဤအရိယသစ္စာ လေးပါးတို့သည် မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ တစ်ပါးသောအခြင်းအရာအားဖြင့် မဖြစ်ကုန်၊ ထို့ကြောင့် “အရိယသစ္စာ”ဟု ဆိုအပ်ကုန်၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။