သံယုတ္တနိကာယ်—၅၆
၅—ပပါတဝဂ်
၁ဝ—ဒုတိယ သိနေရုပဗ္ဗတရာဇသုတ်
၁၁၂ဝ။ ရဟန်းတို့ ဤမြင့်မိုရ်တောင်မင်းသည် ပဲနောက်စေ့မျှလောက်ရှိသော ကျောက်စရစ် ခုနစ်လုံးစာမျှသာ ကြွင်းကျန်၍ ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မြင့်မိုရ်တောင်မင်း၏ ကုန်ဆုံးပြီးသောအရာနှင့် ကြွင်းကျန်သော ပဲနောက်စေ့မျှရှိသောကျောက်စရစ် ခုနစ်လုံးတို့သည် အဘယ်က ပို၍ များသနည်းဟု မိန့်တော်မူ၏၊ အသျှင်ဘုရား မြင့်မိုရ်တောင်မင်း၏ ကုန်ဆုံးပြီးသောအရာသည်ကား ပို၍ များပါ၏၊ ကြွင်းကျန်သည့် ပဲနောက်စေ့မျှရှိသောကျောက်စရစ် ခုနစ်လုံးတို့သည် အနည်းငယ်မျှသာ ဖြစ်ပါကုန်၏၊ မြင့်မိုရ်တောင်မင်း၏ ကုန်ဆုံးပြီးသောအရာကို ထောက်ဆ၍ ကြွင်းကျန်သော ပဲနောက်စေ့မျှရှိသော ကျောက်စရစ် ခုနစ်လုံးတို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းသို့လည်း မရောက်ပါကုန်ဟု လျှောက်ကုန်၏။
ရဟန်းတို့ ဤအတူပင် မဂ်ဉာဏ်နှင့် ပြည့်စုံသော (သစ္စာကို) ထိုးထွင်းသိပြီးသောအရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ကုန်ဆုံးပြီးသော ဆင်းရဲသည်သာ ပို၍ များ၏၊ အကြွင်းအကျန် ဆင်းရဲသည် အနည်းငယ်မျှသာတည်း၊ ကုန်ဆုံးပြီးသော ရှေးက ဆင်းရဲအစုကို ထောက်ဆ၍ အလွန်ဆုံး ခုနစ်ကြိမ်မျှ လာရသူ (သတ္တက္ခတ္တုပရမ) ၏အဖြစ် ဟူသော ဆင်းရဲသည်ကား မရေတွက်လောက်၊ မနှိုင်းယှဉ်လောက်၊ အစိတ်အပိုင်းမျှသို့လည်း မရောက်၊ ယင်းပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက် ပပါတဝဂ် ပြီး၏။