သံယုတ္တနိကာယ်—၈

၂—အရတီသုတ်

၂၁ဝ။ အခါတစ်ပါး၌ အသျှင်ဝင်္ဂီသသည် အာဠဝီပြည် အဂ္ဂါဠဝစေတီကျောင်း၌ အသျှင်နိဂြောဓကပ္ပ မည်သော ဥပဇ္ဈာယ်ဆရာနှင့် အတူနေ၏၊ ထိုအခါ အသျှင်နိဂြောဓကပ္ပသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာ မှ ဖဲခဲ့၍ ကျောင်းသို့ ဝင်၏။ ညချမ်း၌လည်းကောင်း၊ နောက်တစ်နေ့၌လည်းကောင်း ကျောင်းမှ ထွက်၏။ ထိုအခါ အသျှင်ဝင်္ဂီသအား မမွေ့လျော်ခြင်းသည် ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’ သည် စိတ်ကို ဖျက်ဆီး၏၊ ထိုအခါ အသျှင်ဝင်္ဂီသအား ဤသို့ အကြံ ဖြစ်၏ — “အကြင်ငါ့အား မမွေ့လျော်ခြင်းသည် ဖြစ်၏၊ တပ်မက်ခြင်း ‘ရာဂ’သည် စိတ်ကို ဖျက်ဆီး၏၊ ထိုငါ့အား (လူ၏့အဖြစ်ကို) အရမတော်စွတကား၊ ငါ့အား (လူ၏ အဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ရလေစွ တကား၊ ငါ့အား (ရဟန်းအဖြစ်ကို) မကောင်းသဖြင့် ရခြင်း ဖြစ်လေစွတကား၊ ငါ့အား (ရဟန်းအဖြစ်ကို) ကောင်းစွာ ရခြင်း မဖြစ်ရလေစွတကား၊ ဤရာဂဖြစ်ပေါ်လာ ရာ၌ ငါ့အား မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေနိုင်ရာသော တစ်ပါးသူကို အဘယ်မှာ ရနိုင်ပါအံ့နည်း၊ ငါသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေ နိုင်ရမူကား ကောင်းလေစွတကား”ဟု အကြံ ဖြစ်၏၊ ထိုအခါ အသျှင်ဝင်္ဂီသသည် ကိုယ်တိုင်ပင်လျှင် မိမိ၏ မမွေ့လျော်ခြင်းကို ဖျောက်၍ မွေ့လျော်ခြင်းကို ဖြစ်စေပြီးသော် ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆို၏—

အကြင် ပုဂ္ဂိုလ်သည် (သာသနာတော်၌) မမွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမ ဂုဏ် ငါးပါးတို့၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမဂုဏ် ငါးပါးဟု ဆိုအပ်သော အိမ်၌ မှီသော ကြံစည်ခြင်း ‘ဝိတက်’ ကိုလည်းကောင်း အချင်းခပ်သိမ်း ပယ်၍ တစ်စုံ တစ်ခုသော အာရုံ၌ ကိလေသာတောအုပ်ကြီးကို မပြုရာ။ ကိလေသာတည်းဟူသော တောအုပ်ကြီး မရှိသော တဏှာဟူသော မွေ့လျော်ခြင်းမှ ကင်းသော ထိုပုဂ္ဂိုလ်သည် ဘိက္ခု မည်၏၊

ဤလောကဝယ် မြေ၌ တည်သော အကြင်ရူပါရုံသည်လည်းကောင်း၊ ကောင်းကင်၌ တည်သော အကြင်ရူပါရုံသည်လည်းကောင်း၊ မြေအောက်၌ ဖြစ်သော အကြင်ရူပါရုံ သည်လည်းကောင်း ရှိ၏။ ထိုရူပါရုံအားလုံးသည် ဆွေးမြေ့သည် ဖြစ်၍ မမြဲ၊ အတ္တဘောကို သိသော (သူတော်ကောင်းတို့သည်) ဤသို့ ဉာဏ်ဖြင့် သက်ဝင်လျက် နေကြကုန်၏။

လူတို့သည် တည်ရာ ‘ဥပဓိ’တို့၌လည်းကောင်း မြင်အပ် ကြားအပ်သော အာရုံ၌လည်းကောင်း၊ နမ်းအပ် လျက်အပ်သော အာရုံ၌လည်းကောင်း၊ တွေ့ထိအပ်သော အာရုံ၌လည်းကောင်း မက်မောကုန်၏။ အကြင်ပုဂ္ဂိုလ်သည် ဤဥပဓိတို့၌ အလို ‘ဆန္ဒ’ကို ပယ်ဖျောက်၍ တဏှာ မရှိသူ ဖြစ်၏၊ ဤဥပဓိတို့၌ (တဏှာဒိဋ္ဌိတို့ဖြင့်) မကပ်ငြိ၊ ထိုပုဂ္ဂိုလ်ကို မုနိ မည်၏ဟူ၍ ဆိုကုန်၏။

များစွာကုန်သော ကြံစည်မှု အဓမ္မဝိတက်ခြောက်ပါးတို့သည် အာရုံခြောက်ပါးကို မှီကုန်လျက် လူအပေါင်း၌ သက်ဝင်၍ တည်ကုန်၏၊ အကြင်ပုဂ္ဂိုလ်သည်ကား တစ်စုံ တစ်ရာ၌ ကိလေသာအသင်းအပင်းတို့ ဝင်ရောက်သူ မဖြစ်ရာ၊ ရုန့်ရင်းသောစကား ကို ဆိုသူ မဖြစ်ရာ၊ ထိုပုဂ္ဂိုလ်သည် ဘိက္ခု မည်၏။

ပညာရှိသော၊ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ကြည်သော စိတ်ရှိသော၊ ဟန်ဆောင်မှု မရှိသော၊ ရင့်ကျက်သော ပညာရှိသော၊ တပ်မက်ခြင်း ‘တဏှာ’လည်း ကင်းသော ထိုရဟန်းသည် ငြိမ်းချမ်းသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရောက် ပြီ၊ ပရိနိဗ္ဗာန်ပြုရန် အခါကို ငံ့လင့်နေ၏”ဟု (ရွတ်ဆို၏)။