သံယုတ္တနိကာယ်—၉

၁ဝ—သဇ္ဈာယသုတ်

၂၃ဝ။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ ထို ရဟန်းသည် ရှေးက သရဇျွာယ်ခြင်းများသည်ဖြစ်၍ အချိန်ကြာမြင့်စွာ နေခဲ့ပြီးမှ နောက်အခါ၌့ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေလျက် ဖလသမာပတ်ချမ်းသာဖြင့် ကာလကို လွန်စေ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်း၏ သရဇ္ဈာယ်သော တရားတော်ကို မကြားရသည် ဖြစ်၍ ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“ရဟန်း အဘယ့်ကြောင့် သင်သည် တရားတော်တို့ကို မသရဇ္ဈာယ်သနည်း၊ ရဟန်းတို့နှင့် ပေါင်းဖော်သော သူသည် တရားကို နာရသောကြောင့် မျက်မှောက် ဘဝ၌ ကြည်ညိုခြင်းကိုလည်း ရပါ၏၊ ချီးမွမ်းခြင်းကိုလည်း ခံရပါ၏”ဟု လျှောက်၏။

“ငါတို့သည် အရိယမဂ်သို့ မရောက်သေးမီ ရှေးအခါက တရားတော်တို့၌ ရွတ် ဖတ် သရဇျွာယ်ခြင်း ဆန္ဒဖြစ်ပေါ်ခဲ့ပြီ၊ အရိယမဂ်သို့ ရောက်ပြီးသော အခါ၌မူကား မြင်အပ် ကြားအပ် တွေ့ထိအပ်သော တရားအားလုံးကို သိ၍ စွန့်လွှတ်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏”ဟု (မိန့်ဆို၏)။