သုတ္တနိပါတ်ပါဠိတော်
၁၁-ရာဟုလသုတ်
၃၃၈။ (ရာဟုလာ) သင်သည် မပြတ်ပေါင်းသင်းဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင်မပြုဘဲရှိပါ၏လော၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို သင်သည်ပူဇော်ပါ၏လော။ (၁)
၃၃၉။ (မြတ်စွာဘုရား) တပည့်တော်သည် မပြတ်ပေါင်းသင်း ဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင်မပြုပါ၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို တပည့်တော်သည် ပူဇော်ပါ၏။ (၂)
၃၄ဝ။ (ရာဟုလာ) သင်သည် ချစ်အပ်သာယာအပ်သော သဘောရှိကုန်သော နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို စွန့်ပယ်၍ သဒ္ဓါတရားဖြင့် အိမ်မှ ထွက်ပြီးလျှင်ဆင်းရဲ၏ အဆုံးကို ပြုသူဖြစ်ပါလေလော့။ (၃)
၃၄၁။ (ရာဟုလာ) သင်သည် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ပါလေလော့၊ ဝေးသော ဆိတ်ငြိမ်သော ကြွေးကြော်သံကင်းသော ကျောင်းအိပ်ရာနေရာသို့လည်း ချဉ်းကပ်လေလော့၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူဖြစ်ပါလေလော့။ (၄)
၃၄၂။ (ရာဟုလာ) သင်သည် သင်္ကန်း၌လည်းကောင်း၊ ဆွမ်း၌လည်းကောင်း၊ ဆေးပစ္စည်း၌လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌လည်းကောင်း၊ ဤလေးပါးတို့၌ တပ်မက်မှု 'တဏှာ'ကို မပြုပါလေလင့်၊ ဤလောကသို့ တစ်ဖန် ပြန်မလာ လိုပါလင့်။ (၅)
၃၄၃။ (ရာဟုလာ) သင်သည်ပါတိမောက္ခသီလ၌လည်းကောင်း၊ ဣန္ဒြေငါးပါးတို့၌လည်းကောင်းစောင့်စည်းသူ ဖြစ်ပါလေလော့၊ သင့်အား ကာယဂတာသတိ ဖြစ်ပါစေလော့၊ သံသရာ၌ ငြီးငွေ့ဆန့်ကျင်မှုများသူ ဖြစ်ပါလေလော့။ (၆)
၃၄၄။ ရာဂနှင့် စပ်ယှဉ်သော လှပတင့်တယ်၏ဟူသော အမှတ်နိမိတ်ကို ရှောင် ကြဉ်ပါလေလော့၊ အသုဘဘာဝနာအကျိုးငှါ အာရုံတစ်ခုတည်းရှိသော ကောင်းစွာ တည်ကြည်သော စိတ်ကို ပွါးများပါလေလော့။ (၇)
၃၄၅။ (နိစ္စနိမိတ်မှ ကင်းသော) အနိမိတ္တဝိပဿနာကိုလည်း ပွါးများပါလေလော့၊ မာနာနုသယကိုလည်း ပယ်စွန့်ပါလေလော့၊ ထိုမာနကို ပယ်စွန့်နိုင်ခြင်းကြောင့် ငြိမ်းအေးလျက်နေရလတ္တံ့။ (၈)
ဤသို့လျှင် မြတ်စွာဘုရားသည် အသျှင်ရာဟုလာကို ဤဂါထာတို့ဖြင့် မပြတ် ဆုံးမတော်မူ၏။
တစ်ဆယ့်တစ်ခုမြောက် ရာဟုလသုတ် ပြီး၏။