သုတ္တနိပါတ်ပါဠိတော်

၁ဝ-ဥဋ္ဌာနသုတ်

၃၃၄။ (ရဟန်းတို့) အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ သင်တို့အား အိပ်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကိလေသာ နှိပ်စက် အခံခက်၍ နေကြကုန်သော ရာဂမြား စူးဝင်ကုန်သည်ဖြစ်၍ ဖောက်ပြန်ကုန်သော သင်တို့အား အိပ်ခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။ (၁)

၃၃၅။ (ရဟန်းတို့) အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ နိဗ္ဗာန်အကျိုးငှါ ပြင်းပြင်းထန်ထန် ကျင့်ကြကုန်လော့၊ သေမင်းသည် မေ့လျော့နေသော သင်တို့ကို သိ၍ မိမိအလိုသို့ လိုက်စေသည်ကို ပြုကာ မတွေဝေစေလင့်။ (၂)

၃၃၆။ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း အကြင်တဏှာဖြင့် အလိုရှိကုန်သည်ဖြစ်၍မှီလျက် တည်ကုန်၏။ ကပ်ငြိတတ်သော ထိုတဏှာကို သင်တို့သည် လွန်မြောက်ကုန်လော့၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို မလွန်စေ လင့် ဗုဒ္ဓုပ္ပါဒနဝမ ခဏကို လွန်စေသူတို့သည် ငရဲ၌ ကျရောက်ကြရကုန်သည်ဖြစ်၍ စိုးရိမ်ရကုန်၏။ (၃)

၃၃၇။ (ရဟန်းတို့) မေ့လျော့ခြင်းသည် မြူမှုန်အညစ်အကြေး မည်၏။ မေ့ လျော့ခြင်းသို့ အဖန်ဖန်ကျရောက်နေသော မေ့လျော့ခြင်းသည်လည်း မြူမှုန်အညစ် အကြေးပင် ဖြစ်၏။ မမေ့လျော့ခြင်းဖြင့်လည်းကောင်း၊ အာသဝက္ခယ (ဝိဇ္ဇာ) ဉာဏ်ဖြင့်လည်းကောင်း မိမိစိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နုတ်ရာ၏။ (၄)

ဆယ်ခုမြောက် ဥဋ္ဌာနသုတ် ပြီး၏။