အင်္ဂုတ္တရနိကာယ်

၁၄-ဧတဒဂ္ဂဝဂ် ၄-စတုတ္ထဝဂ်

၂၁၉။ ရဟန်းတို့ အကြားအမြင်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၁)

၂၂ဝ။ (ငါ၏ စကားတော်ကို ကြာမြင့်စွာ ဆောင်စွမ်းနိုင်သည့်) သတိရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၂)

၂၂၁။ (ငါဟောအပ်သည့်အတိုင်း အလုံးစုံသော ပုဒ်တို့ကို) သိစွမ်းနိုင်သည့် ပညာရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၃)

၂၂၂။ (ငါ၏ စကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ငါ့ကို ဆည်းကပ်လုပ်ကျွေးခြင်းတို့၌) လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၄)

၂၂၃။ (ငါ့အား) လုပ်ကျွေးသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ (၅)

၂၂၄။ များသော ပရိသတ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥရုဝေလကဿပသည် ရှိ၏၊ ထို ဥရုဝေလကဿပသည် အမြတ်ဆုံးပေတည်း။ (၆)

၂၂၅။ ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကာဠုဒါယီသည် ရှိ၏၊ ထို ကာဠုဒါယီသည် အမြတ်ဆုံးပေတည်း။ (၇)

၂၂၆။ အနာရောဂါကင်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဗာကုလသည် ရှိ၏၊ ထို ဗာကုလသည် အမြတ်ဆုံးပေတည်း။ (၈)

၂၂၇။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သောဘိတသည် ရှိ၏၊ ထို သောဘိတသည် အမြတ်ဆုံးပေတည်း။ (၉)

၂၂၈။ ဝိနည်းကိုဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥပါလိသည် ရှိ၏၊ ထို ဥပါလိသည် အမြတ်ဆုံးပေတည်း။ (၁ဝ)

၂၂၉။ ဘိက္ခုနီမတို့ကို ဆုံးမကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒကသည် ရှိ၏၊ ထို နန္ဒကသည် အမြတ်ဆုံးပေတည်း။ (၁၁)

၂၃ဝ။ ဣန္ဒြေကို စောင့်စည်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒသည် ရှိ၏၊ ထို နန္ဒသည် အမြတ်ဆုံးပေတည်း။ (၁၂)

၂၃၁။ ရဟန်းယောကျာ်းတို့ကို ဆုံးမတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာ ကပ္ပိနသည် ရှိ၏၊ ထို မဟာကပ္ပိနသည် အမြတ်ဆုံးပေတည်း။ (၁၃)

၂၃၂။ တေဇောဓာတ်ဝင်စားရာ၌ ကျွမ်းကျင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာဂတသည် ရှိ၏၊ ထို သာဂတသည် အမြတ်ဆုံးပေတည်း။ (၁၄)

၂၃၃။ တရားကို ထင်မြင်လွယ်သော ဉာဏ် ‘ပဋိဘာန်’၁နှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဓသည် ရှိ၏၊ ထို ရာဓသည် အမြတ်ဆုံးပေတည်း။ (၁၅)

၂၃၄။ ခေါင်းပါးသော၂ သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မောဃရာဇသည် ရှိ၏၊ ထို မောဃရာဇသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ (၁၆)

စတုတ္ထဝဂ် ပြီး၏။

၁။ ပဋိဝေဓပဋိဘာန်ကို ဆိုသည်။

၂။ ချည် အထည် ဆိုးရည်အားဖြင့် သုံးမျိုးလုံးညံ့သောဟု ဆိုလိုသည်။