အင်္ဂုတ္တရနိကာယ်

၁၆-ဧကဓမ္မပါဠိ ၁-ပဌမဝဂ်

၂၉၆။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော တစ်ခုသော တရားသည် စင်စစ်အားဖြင့် (ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာ တို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိတရားတည်း။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော ဤတစ်ခုသော (ဗုဒ္ဓါနုဿတိ) တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာ ယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

၂၉၇။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော တစ်ခုသော တရားသည် စင်စစ်အားဖြင့် (ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ— တရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဓမ္မာနုဿတိတရားတည်း။ပ။ သံဃာ၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း သံဃာနုဿတိတရားတည်း။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း သီလာ နုဿတိတရားတည်း။ မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း စာဂါနုဿတိတရားတည်း။ နတ်တို့၏ သဒ္ဓါအစရှိသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဒေဝတာနုဿတိတရားတည်း။ ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း အာနာပါနဿတိတရားတည်း။ သေခြင်းကို အဖန်ဖန် အောက်မေ့ခြင်း မရဏဿတိတရားတည်း။ ဆံအစရှိသော ရုပ်အစုကို အောက် မေ့ခြင်း ကာယဂတာသတိတရားတည်း။ နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဥပသမာနုဿတိ့တရားတည်း။ ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သော ဤတစ်ခုသော တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁ဝ)

ပဌမဝဂ် ပြီး၏။