အင်္ဂုတ္တရနိကာယ်

၁၅-အဋ္ဌာနပါဠိ ၃-တတိယဝဂ်

၂၈၇။ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘ကာယသုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။၁ ရဟန်းတို့ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအမှု ‘ကာယသုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေ တတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၁)

၂၈၈—၂၈၉။ ရဟန်းတို့ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘ဝစီသုစရိုက်’၏။ပ။ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘မနောသုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် နှလုံးကို မပွါးစေတတ် သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အမှု ‘မနောသုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်သော အကျိုးဖြစ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၂—၃)

၂၉ဝ။ ရဟန်းတို့ ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယဒုစရိုက်ဟူသော) အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယ ဒုစရိုက်ဟူသော) အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၄)

၂၉၁—၂၉၂။ ရဟန်းတို့ ဝစီဒုစရိုက်နှင့် ပြည့်စုံသော သူသည်။ပ။ မနောဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောဒုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောဒုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာ သော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ မနောဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောဒုစရိုက်) ဟူသော အကြောင်းကြောင့် ထို (မနောဒုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၅—၆)

၂၉၃။ ရဟန်းတို့ ကာယသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက် ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ ကာယသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယ သုစရိုက်)ဟူသော အကြောင်းကြောင့် ထို (ကာယသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၇)

၂၉၄—၂၉၅။ ရဟန်းတို့ ဝစီသုစရိုက်နှင့် ပြည့်စုံသော သူသည်။ပ။ မနောသုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (မနောသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောသုစရိုက်)ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအခွင့်သည် မရှိ။ ရဟန်းတို့ မနော သုစရိုက်နှင့် ပြည့်စုံသော သူသည် (ထို မနောသုစရိုက်)ဟူသော အကြောင်းကြောင့် ထို (မနောသုစရိုက်) ဟူသော အထောက်အပံ့ကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရာသော အကြောင်း အခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ (၈—၉)

တတိယဝဂ် ပြီး၏။

အဋ္ဌာနပါဠိ ပြီး၏။

၁။ ချိုသော မျိုးစေ့မှ ခါးသောအသီး ဖြစ်ရိုး မရှိသကဲ့သို့ပင်တည်း။