အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၃-ပုဏ္ဏိယသုတ်

၈၃။ ထိုအခါ အသျှင်ပုဏ္ဏိယသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား—“အသျှင်ဘုရား မြတ်စွာဘုရား၏ တရားဒေသနာတော်သည် (တစ်ခါတစ်ရံ) ( ဉာဏ်အား) ထင်လာပါသည်၊ တစ်ခါတစ်ရံ ( ဉာဏ်အား) မထင်လာပါ။ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ ပုဏ္ဏိယ ရဟန်းသည် ယုံကြည်မှုကား ရှိ၏၊ ( မြတ်စွာဘုရားသို့ကား) မချဉ်းကပ်၊ ထိုမျှဖြင့် မြတ်စွာဘုရား၏ တရားဒေသနာတော်သည် မထင်လာသေး။ ပုဏ္ဏိယ အကြင်အခါ၌ ရဟန်းသည် ယုံကြည်မှုလည်း ရှိ၏၊ ချဉ်းကပ်လည်း ချဉ်းကပ်တတ်၏၊ ဤသို့သော အခါ၌မူကား မြတ်စွာဘုရား၏ တရားဒေသနာတော်သည် ထင်လာ၏။ ပုဏ္ဏိယ ရဟန်းသည် ယုံကြည်မှုလည်း ရှိ၏၊ ချဉ်းကပ်လည်း ချဉ်းကပ်တတ်၏၊ ဆည်းကပ်ကား မဆည်းကပ်။ပ။ ဆည်းကပ်လည်း ဆည်းကပ်၏၊ မေးမြန်းကား မမေးမြန်း။ မေးမြန်းလည်း မေးမြန်း၏၊ နားစိုက်၍ကား တရားကို မနာ၊ နားစိုက်၍လည်း တရားကို နာ၏၊ နာပြီး၍ကား တရားကို မဆောင်။ နာပြီး၍လည်း တရားကို ဆောင်၏၊ ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုကား မဆင်ခြင်။ ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုလည်း ဆင်ခြင်၏၊ အနက်ပါဠိကို သိ၍ တရားအား လျော်သော အကျင့်ကိုကား မကျင့်။ အနက်ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကိုလည်း ကျင့်၏၊ ကောင်းသော စကားရှိသူ ကောင်းသော မြွက်ဆိုသံရှိသူ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ် သိလွယ်သော ပြည်ကြီးသူတို့၏စကားနှင့် ပြည့်စုံသူကား မဟုတ်။ ကောင်းသော စကားရှိသူ၊ ကောင်းသော မြွက်ဆိုသံရှိသူ၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော ပြည်ကြီးသူတို့၏ စကား နှင့် ပြည့်စုံသူလည်းဟုတ်၏၊ သီတင်းသုံးဖော်တို့အား (တရားစကားဖြင့် အကျိုးစီးပွါးကို) ကောင်းစွာ ပြတတ်သူ၊ (တရားကို) ဆောက်တည်စေသူ၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတတ်သူကား မဟုတ်။ ထိုမျှဖြင့် မြတ်စွာဘုရား၏ တရားဒေသနာတော်သည် ( ဉာဏ်အား) မထင်လာသေး။

ပုဏ္ဏိယ ရဟန်းသည် အကြင်အခါ၌ ယုံကြည်မှုလည်း ရှိ၏၊ ချဉ်းကပ်လည်း ချဉ်းကပ်တတ်၏၊ ဆည်းကပ်လည်း ဆည်းကပ်တတ်၏၊ မေးမြန်းလည်း မေးမြန်းတတ်၏၊ နားစိုက်၍လည်း တရားကို နာတတ်၏၊ နာပြီးသော တရားကိုလည်း ဆောင်တတ်၏၊ ဆောင်ပြီးသော တရား၏ အနက်ကိုလည်း ဆင်ခြင်တတ်၏၊ အနက်ပါဠိကို သိ၍ တရားအားလျော်သော အကျင့်ကိုလည်း ကျင့်တတ်၏၊ ကောင်းသော စကားရှိသူ၊ ကောင်းသော မြွက်ဆိုသံရှိသူ၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော ပြည်ကြီးသူတို့၏ စကားနှင့် ပြည့်စုံသူလည်းဟုတ်၏၊ သီတင်းသုံးဖော်တို့အား (တရားစကားဖြင့် အကျိုး စီးပွါးကို) ကောင်းစွာ ပြတတ်သူ၊ (တရားကို) ဆောက်တည်စေတတ်သူ၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတတ်သူလည်းဟုတ်၏၊ ဤသို့သော အခါ၌မူကား မြတ်စွာဘုရား၏ တရားဒေသနာတော် သည် ထင်လာ၏။ ပုဏ္ဏိယ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသည်ရှိသော် မြတ်စွာဘုရား၏ တရားဒေသနာတော်သည် ( ဉာဏ်အား) စင်စစ် ထင်လာ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။