အင်္ဂုတ္တရနိကာယ်
၂-အနုဿတိဝဂ်
၂-ဒုတိယ မဟာနာမသုတ်
၁၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သာကီဝင်မဟာနာမ်မင်းသည် မကျန်းမာခြင်းမှ ထပြီးဖြစ်၏၊ နာလန်ထ၍ မကြာသေး။ ထိုအခါ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် “မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူ လိမ့်မည်”ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ် ဆိုးခြင်းကိစ္စကို ပြုကုန်၏။ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် “မြတ်စွာဘုရား သည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စကို ပြုကုန်၏”ဟု သာကီဝင်မဟာနာမ်မင်းသည် ကြားသိသည်သာတည်း။ ထိုအခါ သာကီဝင် မဟာ နာမ်မင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—“အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် ‘မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ် ဆိုးခြင်းကိစ္စကို ပြုကြပါကုန်၏’ဟု ဤစကားကို အကျွန်ုပ်ကြားရပါသည်။ အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု လျှောက်၏။ မဟာနမ် ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု မေးလျှောက်သော စကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျောက်ပတ်သည်သာတည်း။ မဟာနာမ် ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။ ထက်သန်သော လုံ့လရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့သူသည် မပြီးစေနိုင်။ တည်ကြည်သူသည် (မဂ်ဖိုလ်ကို) ပြီးစေ နိုင်၏၊ မတည်ကြည်သူသည် မပြီးစေနိုင်။ ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမရှိသူသည် မပြီးစေနိုင်။ မဟာနာမ် သင်သည် ဤတရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရားခြောက်မျိုးတို့ကို ပွါးများလေလော့။ မဟာနာမ် သင်သည် မြတ်စွာဘုရားကို “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော် အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်း ကြောင့်လည်းသတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု အဖန်ဖန် အောက်မေ့လေလော့။
မဟာနာမ် မြတ်စွာဘုရားကို အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား မြတ်စွာဘုရားကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏၊ မဟာနာမ် သင်သည် ဤမြတ်စွာဘုရားအား အဖန်ဖန် အောက်မေ့မှုကို သွားနေစဉ်လည်း ပွါးများလေလော့၊ ရပ်နေစဉ်လည်း ပွါးများလေလော့၊ ထိုင်နေစဉ်လည်း ပွါးများလေလော့၊ အိပ်နေစဉ် လည်း ပွါးများလေလော့၊ အလုပ်ကိစ္စကို ပြုလုပ်စီမံနေစဉ်လည်း ပွါးများလေလော့၊ သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေစဉ်လည်း ပွါးများလေလော့။
မဟာနာမ် နောက်တစ်မျိုးကား သင်သည် တရားတော်ကို အောက်မေ့လေလော့။ပ။ သံဃာတော်ကို အောက်မေ့လေလော့။ပ။ မိမိ၏ သီလကို အောက်မေ့လေလော့။ပ။ မိမိ၏ စွန့်ကြဲမှုကို အောက်မေ့ လေလော ့။ပ။ “စာတုမဟာရာဇ်နတ်။ပ။ အထက်အထက် ဗြဟ္မာတို့သည် ထင်ရှားရှိကုန်၏။ ယုံကြည်မှု ‘သဒ္ဓါ’နှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အား လည်း ထိုယုံကြည်မှု ‘သဒ္ဓါ’မျိုးသည် ရှိ၏။ သီလနှင့်။ သုတနှင့်။ စာဂနှင့်။ ပညာနှင့် ပြည့်စုံကုန်သော နတ်တို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏”ဟု နတ်တို့ကို (သက်သေထားလျက် မိမိ၏သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့လေလော့။
မဟာနာမ် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါ သီလ သုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား နတ်တို့ကို (သက်သေထားလျက် မိမိ၏ သဒ္ဓါစသောဂုဏ်ကို) အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် သင်သည် ဤနတ်တို့ကို (သက်သေထားလျက် မိမိ၏သဒ္ဓါစသော ဂုဏ်ကို) အောက်မေ့မှုကို သွားနေစဉ်လည်း ပွါးများလေလော့၊ ရပ်နေစဉ်လည်း ပွါးများလေလော့၊ ထိုင်နေစဉ်လည်း ပွါးများလေလော့၊ အိပ်နေစဉ်လည်း ပွါးများလေလော့၊ အလုပ်ကိစ္စကို ပြုလုပ်စီမံ နေစဉ်လည်း ပွါးများလေလော့၊ သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေစဉ်လည်း ပွါးများ လေလော့ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။