အင်္ဂုတ္တရနိကာယ်

၂-အနုဿတိဝဂ်

၃-နန္ဒိယသုတ်

၁၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူလို၏။ နန္ဒိယ သာကီဝင်သည် “မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်လိုမူသတတ်”ဟု တစ်ဆင့်စကား ကြားသည်သာတည်း။ ထိုအခါ နန္ဒိယသာကီဝင်အား ငါသည်လည်း သာဝတ္ထိပြည်၌ မိုးလပတ်လုံးနေရမူ ကောင်းလေစွ၊ ထို (သာဝတ္ထိပြည်) ၌ အလုပ်ကိစ္စကို ပြုလုပ်စီမံအံ့၊ ရံဖန်ရံခါ မြတ်စွာဘုရားကို ဖူးမြင်ရန် လည်း အခွင့်ရအံ့”ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူ၏၊ နန္ဒိယ သာကီဝင်သည်လည်း မိုးလပတ်လုံး သာဝတ္ထိပြည်၌ နေ၏၊ ထိုသာဝတ္ထိပြည်၌ အလုပ်ကိစ္စကိုလည်း ပြုလုပ် စီမံ၏၊ ရံဖန်ရံခါ မြတ်စွာဘုရားကို ဖူးမြင်ရန်လည်း အခွင့်ရ၏။ ထိုအခါ၌ “သင်္ကန်းချုပ်ဆိုးခြင်းကိစ္စ ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်”ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုလုပ်ကုန်၏။ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် “မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြ သတတ်”ဟု နန္ဒိယသာကီဝင်သည် တစ်ဆင့်စကား ကြားသည်သာတည်း။ ထိုအခါ နန္ဒိယသာကီဝင်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—— “အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စ္ပပြီးဆုံး၍ သုံးလလွန်မြောက်လျှင် ‘မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်’ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြကုန်၏ဟု ဤစကားကို အကျွန်ုပ် ကြားရပါသည်။ အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု လျှောက်၏။ နန္ဒိယ ကောင်းပေစွ ကောင်းပေစွ၊ နန္ဒိယ သင်တို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါ မည်နည်း”ဟု မေးလျှောက်သောစကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျောက်ပတ် သည်သာတည်း။ နန္ဒိယ ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။ သီလရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သီလမဲ့သူသည် မပြီးစေနိုင်၊ ထက်သန်သော လုံ့လ ရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့သူသည် မပြီးစေနိုင်။ တည်ကြည်သူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ မတည်ကြည်သူသည် မပြီးစေနိုင်။ ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမဲ့သူသည် မပြီးစေနိုင်။ နန္ဒိယ သင်သည် ဤတရားခြောက်မျိုးတို့၌ တည်၍ တရားငါးမျိုးတို့၌ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။ နန္ဒိယ သင်သည် မြတ်စွာဘုရားကို “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ်’ဝိဇ္ဇာ’ အကျင့်’စရဏ’တို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏။ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည် တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝ မနုဿာနံ မည် တော်မူ၏၊ (သစ္စာလေးပါးကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု အဖန်ဖန် အောက်မေ့လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် မြတ်စွာဘုရားကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ နောက်တစ်မျိုးကား “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့်အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ အရိယာပညာရှိတို့သာ ကိုယ်စီ ကိုယ်ငှ သိနိုင်သော တရားတော်ပါပေတည်း”ဟု သင်သည် တရားတော်ကို အဖန်ဖန် အောက်မေ့ လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် တရားတော်ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေ ရမည်။

နန္ဒိယ နောက်တစ်မျိုးကား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရပေစွတကား၊ ငါ၏ မိတ်ဆွေကောင်းတို့သည် သနားစောင့်ရှောက်ကုန်၏၊ အကျိုးကို လိုလားကြ၍ ဆုံးမကြ၏၊ ကံမြစ် ကြ၏”ဟု မိတ်ဆွေကောင်းတို့ကို အဖန်ဖန် အောက်မေ့လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် မိတ်ဆွေ ကောင်းတို့ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ နောက်တစ်မျိုးကား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရပေစွတကား၊ ငါသည် ဝန်တိုမှုအညစ်အကြေး လွှမ်းမိုးသော သတ္တဝါအပေါင်း၌ ဝန်တိုမှု အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်၍ နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ တောင်းခံထိုက်၏၊ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်၏”ဟု မိမိ၏ စွန့်ကြဲမှုကို အဖန်ဖန် အောက်မေ့လေလော့။ နန္ဒိယ ဤသို့လျှင် သင်သည် စွန့်ကြဲမှုကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ နောက်တစ်မျိုးကား “အလုတ်အလွေးပြုရသော အစာကို စားကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို လွန်မြောက်၍ စိတ်ဖြင့်ပြီးသော တစ်မျိုးမျိုးသော နတ်ဗြဟ္မာအပေါင်းသို့ ကပ်ရောက်ကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိအတွက် ပြုဖွယ်ကိစ္စကိုလည်းကောင်း၊ ပြုပြီးကိစ္စကို တစ်ဖန် ဆည်းပူးမ ှုကိုလည်းကောင်း မရှုကြည့်ကြကုန်၊ အခါမဲ့ လွတ်မြောက်မှုရှိသော ရဟန်းသည် မိမိ၏ ပြုဖွယ်ကိစ္စနှင့် ပြုပြီးကိစ္စကို တစ်ဖန်ဆည်းပူးမှုကို မရှုကြည့်သကဲ့သို့၊ နန္ဒိယ ဤအတူပင် အလုတ်အလွေးပြုရသော အစာကို စားကုန်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်ကို လွန်မြောက်၍ စိတ်ဖြင့်ပြီးသော တစ်မျိုး မျိုးသော နတ်ဗြဟ္မာအပါင်းသို့ ကပ်ရောက်ကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိအတွက် ပြုဖွယ်ကိစ္စနှင့် ပြုပြီးကိစ္စကို တစ်ဖန်ဆည်းပူးမှုကို မရှုကြည့်ကုန်။ နန္ဒိယ ဤသို့လျှင် သင်သည် ထိုနတ်တို့ကို အာရုံပြု၍ မိမိသန္တာန်ဝယ် သတိကိုဖြစ်စေရမည်။

နန္ဒိယ ဤတရားတစ်ဆယ့်တစ်မျိုးနှင့် ပြည့်စုံသော အရိယာတပည့်သည် ယုတ်ညံ့သော အကုသိုလ် တရားတို့ကို ပယ်စွန့်သည်သာတည်း၊ မစွဲယူသည်သာတည်း။ နန္ဒိယ မှောက်ထားသော အိုးသည် ရေကို အန်ထုတ်သကဲ့သို့လည်းကောင်း၊ အန်ထုတ်ပြီးသည်ကို တစ်ဖန်ပြန်မအန်ရတော့သကဲ့သို့လည်းကောင်း၊ နန္ဒိယ မြက်ခြောက် တော၌ မီးကျလတ်သော် လောင်၍သာ သွားသကဲ့သို့လည်းကောင်း၊ လောင်ပြီးရာသို့ တစ်ဖန်ပြန်မလောင်တော့သကဲ့သို့လည်းကောင်း နန္ဒိယ ဤအတူပင် ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်စွန့်သည်သာတည်း၊ မစွဲယူသည်သာတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။