အင်္ဂုတ္တရနိကာယ်
၂-အနုဿတိဝဂ်
၁ဝ-တတိယ သမာဓိသုတ်
၂ဝ။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်ကြ၍ အသျှင် သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေကြပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြလျက် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်ကြကုန်၏— အသျှင်ဘုရား ရဟန်း အား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်ရာပါသလောဟု လျှောက်ကြကုန်၏။ ငါ့သျှင်တို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြား အပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။
ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိ အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။ ငါ့ရှင်တို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်ဆို၏)။
ဒသမသုတ်။