အင်္ဂုတ္တရနိကာယ်

၂-အနုဿတိဝဂ်

၉-ဒုတိယ သမာဓိသုတ်

၁၉။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်း (မူလ) ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်မှု ရှိပါကုန်၏။ မြတ်စွာဘုရားလျှင် လည်းလျောင်းရာရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုဟောအပ်သော စကား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်၌သာ ထင်လာ ပါစေ၊ မြတ်စွာဘုရား၏ (အထံမှ) ကြားနာရသဖြင့် ရဟန်းတို့သည် ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုသို့ဖြစ်လျှင် နာကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောကြားပေအံ့ဟု (မိန့် တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ — ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးတို့ကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏”ဟု အမှတ်ရှိသူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။