အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ကုသိနာရဝဂ်

၅-ဟတ္ထကသုတ်

၁၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဟတ္ထကနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေပြီးလျှင် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရား ရှေ့တော်၌ “ရပ်တည်မည်”ဟု (ရပ်တည်လတ်သော်) ကျွံနစ်၍ သွား၏၊ မြုပ်နစ်၍ သွား၏၊ ရပ်တည်ခြင်းငှါ မစွမ်းနိုင်ချေ။ ထောပတ်ဖြစ်စေ ဆီဖြစ်စေ သဲထဲ၌ လောင်းချအပ်သော် စိမ့်ဝင်သွား၍ မြုပ်နစ်သွား၍ မတည်နိုင်သကဲ့သို့၊ ဤအတူ ဟတ္ထကနတ်သားသည် မြတ်စွာဘုရား၏ ရှေ့တော်၌ “ရပ်တည်မည်”ဟု (ရပ်တည်လတ်သော်) ကျွံနစ်၍ သွား၏၊ မြုပ်နစ်၍ သွား၏၊ ရပ်တည်ခြင်းငှါ မစွမ်းနိုင်ချေ။

ထိုအခါ မြတ်စွာဘုရားသည် ဟတ္ထကနတ်သားအား “ရုန့်ရင်း ကြမ်းတမ်းသော အတ္တဘောကို ဖန်ဆင်းဘိလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ဟတ္ထကနတ်သားသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ရုန့်ရင်း ကြမ်းတမ်းသော အတ္တဘောကို ဖန်ဆင်း၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် တစ်ခုသော နေရာ၌ ရပ်တည်လေ၏၊ တစ်ခုသော နေရာ၌ ရပ်တည်နေသော ဟတ္ထကနတ်သားအား မြတ်စွာဘုရားသည်— ဟတ္ထက ရှေးလူဖြစ်စဉ်အခါက သင်လေ့လာထားသော ပရိယတ်တရားတို့ကို ယခု နတ်ဖြစ်သောအခါ၌ လေ့လာသေး၏လောဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော အသျှင်ဘုရား ရှေးလူဖြစ်စဉ်အခါက တပည့်တော် လေ့လာထားသော ပရိယတ်တရားတို့ကို ယခု နတ်ဖြစ်သော အခါ၌့လည်း လေ့လာအပ်ပါကုန်၏၊ ရှေးလူဖြစ်စဉ်အခါက မလေ့လာရကုန်သေးသော တရားတို့ကိုလည်း ယခု နတ်ဖြစ်သော အခါ၌ လေ့လာရပါကုန်၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ယခုအခါ၌ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတို့၏ တပည့်တို့နှင့် ရောနှော၍ သီတင်းသုံးတော်မူသကဲ့သို့၊ ဤအတူပင် တပည့်တော်သည် နတ်သားတို့နှင့် ရောနှောနေရပါသည်။ အသျှင်ဘုရား “ဟတ္ထက နတ်သားအထံ၌တရားကို နာကြကုန်အံ့”ဟု အရပ်ဝေးမှ နတ်သားတို့သည်လည်း လာရောက်ကြပါကုန်၏။ အသျှင်ဘုရား တပည့်တော်သည်တရားသုံးမျိုးတို့၌ မရောင့်ရဲ မဆုတ်နစ်ဘဲ သေခဲ့ရပါသည်။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်း၌ မရောင့်ရဲ မဆုတ်နစ်ဘဲ သေခဲ့ရပါသည်၊ အသျှင်ဘုရား တပည့်တော်သည် သူတော်ကောင်းတရားကို ကြားနာခြင်း၌ မရောင့်ရဲ မဆုတ်နစ်ဘဲ သေခဲ့ရပါသည်၊ အသျှင်ဘုရား တပည့်တော်သည် သံဃာကို လုပ်ကျွေးခြင်း၌ မရောင့်ရဲ မဆုတ်နစ်ဘဲ သေခဲ့ရပါသည်။ အသျှင်ဘုရား တပည့်တော်သည် ဤတရားသုံးမျိုးတို့၌ မရောင့်ရဲ မဆုတ်နစ်ဘဲ သေခဲ့ရပါသည်ဟု (လျှောက်၏)။

တပည့်တော်သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်း၌လည်းကောင်း၊ သံဃာတော်ကို လုပ်ကျွေးခြင်း၌လည်းကောင်း၊ သူတော်ကောင်းတရားကို နာကြားခြင်း၌လည်းကောင်း မည်သည့်အခါမျှ ရောင့်ရဲတင်းတိမ်မှု မရခဲ့ပါ။ (ဆယ်ပါးသီလ) အဓိသီလကို ကျင့်သုံးလျက် သူတော်ကောင်းတရားကို ကြားနာခြင်း၌ မွေ့လျော်၍တရားသုံးမျိုးတို့၌ ရောင့်ရဲတင်းတိမ်ခြင်းမရှိသော ဟတ္ထကသည် အဝိဟာဗြဟ္မာ့ဘုံသို့ ရောက်လေသတည်း။

ပဉ္စမသုတ်။