အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၄-စက္ကဝတ္တိသုတ်
၁၄။ ရဟန်းတို့ တရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်းသော်မှလည်း (အမှီ) မင်းကို မရခဲ့လျှင် စကြာရတနာကို မလည်စေနိုင်ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား— “အသျှင်ဘုရားတရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်း၏ အမှီမင်းဟူသည် အဘယ်ပါနည်း”ဟု လျှောက်၏။ “ရဟန်း အမှီမင်းဟူသည်တရားတည်း”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဤလောက၌တရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်းသည်တရားကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် နန်းတွင်းသူ နန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်း၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။
ရဟန်း နောက်တစ်မျိုးကား တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်းသည် တရားကို သာလျှင် အမှီပြုလျက်တရားကို အရိုအသေပြုလျက် တရားကို အလေးအမြတ်ပြုလျက် တရားကို တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကို အကြီးအမှူးပြုလျက် အရံမင်းတို့၌လည်းကောင်း၊ စစ်သည်ဗိုလ်ပါ အပေါင်း၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံး ဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်းကောင်း တရားအားလျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ ရဟန်းတရားရှိ၍ တရားမင်းဖြစ်သော ထို စကြဝတေးမင်းသည် တရားကိုသာလျှင် အမှီပြုလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူး ပြုလျက် နန်းတွင်းသူ နန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်းတို့၌ တရားအားလျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် အရံမင်းတို့၌လည်းကောင်း၊ ဗိုလ်ပါအပေါင်း၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံး ဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏ ဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်းကောင်း တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် တရားသဖြင့်သာ စကြာရတနာကို လည်စေ၏။ ထို စကြာရတနာကို လူသားဖြစ်သော ရန်သူ သတ္တဝါ တစ်စုံတစ်ယောက်သည် မဖျက်ဆီး မတားမြစ်နိုင်။
ရဟန်းတို့ ဤအတူသာလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော တရားစောင့်သည့်တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရား ကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ် လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို့အကြီးအမှူးပြုလျက် ဤသို့ သဘောရှိသော ကာယကံမှုကို မှီဝဲအပ်၏၊ ဤသို့ သဘောရှိသော ကာယ ကံမှုကို မမှီဝဲအပ်”ဟု ကာယကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော တရားစောင့်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရား ကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ် လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် “ဤသို့ သဘောရှိသော ဝစီကံမှုကို မှီဝဲအပ်၏၊ ဤသို့ သဘောရှိသော ဝစီကံမှုကို မမှီဝဲအပ်”ဟု ဝစီကံမှု၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ပ။ “ဤသို့သဘောရှိသော မနောကံမှုကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော မနောကံမှုကို မမှီဝဲအပ်”ဟု မနောကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။
ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော တရားစောင့်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရားကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင် ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် ကာယကံမှု၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် ဝစီကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် မနောကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင်တရားသဖြင့်သာ အတုမရှိသော ဓမ္မစက်ကို လည်စေတော်မူ၏၊ ထို ဓမ္မစက်ကို သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်မျှ မဖျက်ဆီး မတားမြစ်နိုင်ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။