အင်္ဂုတ္တရနိကာယ်

(၈) ၃-အာနန္ဒဝဂ်

၃-မဟာနာမသက္ကသုတ်

၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် မကျန်း မာရာမှ ထမြောက်တော်မူခါစ ဖြစ်၏။ ထိုအခါ သာကီဝင်မင်း မဟာနာမ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘တည်ကြည် သော သူအား ဉာဏ်ဖြစ်၏၊ မတည်ကြည်သောသူအား ဉာဏ်မဖြစ်’ဟု မြတ်စွာဘုရား ဟောထားသော တရားတော်ကို တပည့်တော် သိရသည်မှာ ကြာမြင့်ပါပြီ၊ အသျှင်ဘုရား သမာဓိက ရှေးဦးစွာ ဖြစ်၍ ဉာဏ်က နောက်မှ ဖြစ်ပါသလော၊ သို့မဟုတ် ဉာဏ်က ရှေးဦးစွာ ဖြစ်၍ သမာဓိက နောက်မှ ဖြစ်ပါ သလော”ဟု လျှောက်၏။ ထိုအခါ အသျှင်အာနန္ဒာအား ဤသို့ အကြံဖြစ်၏— “မြတ်စွာဘုရားသည် မကျန်းမာရာမှ ထမြောက်တော်မူခါစ ဖြစ်၏၊ ဤသာကီဝင်မင်းသား မဟာနာမ်သည်လည်း မြတ်စွာဘုရား အား အလွန်နက်နဲသော ပြဿနာကို မေး၏၊ ငါသည် သာကီဝင်မင်းသား မဟာနာမ်ကို တစ်ခုသော နေရာသို့ ခေါ်ဆောင်၍တရားဟောရလျှင် ကောင်းပေလိမ့်မည်”ဟု (အကြံဖြစ်၏)။

ထို့နောက် အသျှင်အာနန္ဒာသည် သာကီဝင်မင်း မဟာနာမ်၏ လက်ကို ဆွဲ၍ တစ်ခုသော နေရာသို့ ခေါ်ပြီးလျှင် ဤစကားကိုဆို၏— မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကိုလည်းကောင်း၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလကိုလည်းကောင်း မြတ်စွာဘုရား ဟော ကြားတော်မူ၏၊ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိကိုလည်းကောင်း၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိကိုလည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာကိုလည်းကောင်း၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာကိုလည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူ၏။ မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလဟူသည် အဘယ်နည်း၊ မဟာနာမ် ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် နေ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ မဟာနာမ် ဤသီလကို ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော သီလဟု့ဆိုအပ်၏။ မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဟူသည် အဘယ်နည်း၊ မဟာနာမ် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ မဟာနာမ် ဤသမာဓိကို ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ သမာဓိဟု ဆို၏။

မဟာနာမ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် တို့၏ ဥစ္စာဖြစ်သော ပညာဟူသည် အဘယ်နည်း၊ မဟာနာမ် ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲဒုက္ခတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ မဟာနာမ် ဤပညာကို ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဟု ဆိုအပ်၏။

မဟာနာမ် ဤသို့ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော အရိယာတပည့်သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက် သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက် လျက် နေ၏။ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ သမာဓိ ပညာကိုလည်း မြတ်စွာဘုရား ဟောတော်မူ၏။ မဟာနာမ် ဤသို့လျှင် ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ သမာဓိ ပညာကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူ၏ဟု (ပြောဆို၏)။

တတိယသုတ်။