အင်္ဂုတ္တရနိကာယ်
(၂၂) ၂-ပရိသာဝဂ်
၁-ပရိသာသုတ်
၂၁၁။ ရဟန်းတို့ ပရိသတ်ကို ဖျက်ဆီးတတ်သူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလရဟန်းသည် ပရိသတ်ကို ဖျက်ဆီးတတ်၏။ ရဟန်းတို့ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလရဟန်းမိန်းမသည် ပရိသတ်ကို ဖျက်ဆီးတတ်၏။ ရဟန်းတို့ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလဥပါသကာသည် ပရိသတ် ကို ဖျက်ဆီးတတ်၏။ ရဟန်းတို့ ယုတ်ညံ့သော တရားရှိသည့် ဒုဿီလဥပါသိကာမသည် ပရိသတ်ကို့ဖျက်ဆီးတတ်၏။ ရဟန်းတို့ ပရိသတ်ကို ဖျက်ဆီးတတ်သူတို့သည် ဤလေးမျိုးတို့တည်း။
ရဟန်းတို့ ပရိသတ်ကို တင့်တယ်စေတတ်သူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တရဟန်းသည် ပရိသတ်ကို တင့်တယ်စေတတ်၏။ ရဟန်းတို့ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တရဟန်းမိန်းမသည် ပရိသတ်ကို တင့်တယ်စေတတ်၏။ ရဟန်းတို့ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တ ဥပါသကာသည် ပရိသတ်ကို တင့်တယ်စေတတ်၏။ ရဟန်းတို့ ကောင်းမြတ်သော တရားရှိသည့် သီလဝန္တ ဥပါသိကာမသည် ပရိသတ်ကို တင့်တယ်စေတတ်၏။ ရဟန်းတို့ ပရိသတ်ကို တင့်တယ်စေတတ်သူတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။